ရှမ်းပြည်နယ်လွှတ်တော်တွင် ရှမ်းတိုင်းရင်းသား ၃၇ ဦး ပါဝင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရှမ်းပြည်နယ်လွှတ်တော်တွင် ရှမ်းတိုင်းရင်းသား ၃၇ ဦး ပါဝင်မည်

လာမည့် ၂၀၂၁ ခုနှစ်၊ မတ်လတွင် စတင်တော့မည့် တတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်တွင် ရှမ်းတိုင်းရင်းသား ၃၇ ဦးဖြင့် အများဆုံး ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၉၈ ဦး၊ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် (ဝန်ကြီး) ၇ ဦး၊ စုစုပေါင်း ၁၀၅ ဦးတွင် ရှမ်းတိုင်းရင်းသားမှာ ၃၇ ဦးဖြင့် အများဆုံး ပါဝင်ခြင်း ဖြစ်ပြီး ဗမာတိုင်းရင်းသား ၁၄ ဦး၊ ပအိုဝ်းတိုင်းရင်းသား ၈ ဦး၊ ပလောင်တိုင်းရင်းသား ၇ ဦး၊ ဓနုတိုင်းရင်းသား ၆ ဦး၊ ကိုးကန့်တိုင်းရင်းသား ၆ ဦး၊ လားဟူတိုင်းရင်းသား ၄ ဦး၊ အာခါတိုင်းရင်းသား ၄ ဦး၊ ကချင်တိုင်းရင်းသား ၄ ဦး၊ အင်းတိုင်းရင်းသား ၃ ဦး၊ ကယန်းတိုင်းရင်းသား ၃ ဦး၊ ဝ တိုင်းရင်းသား ၂ ဦး၊ လွယ်လတိုင်းရင်းသား ၂ ဦး၊ လီဆူတိုင်းရင်းသား၊ ဗမာ+ရှမ်းတိုင်းရင်းသား၊ ကရင်+လားဟူတိုင်းရင်းသား၊ ဗမာ+ကိုးကန့် တိုင်းရင်းသား၊ လားဟူ+ဝ တိုင်းရင်းသား ၁ ဦးစီ ပါဝင်ခြင်း ဖြစ်သည်။

.

“ ရှမ်းပြည်နယ်က မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပုံစံ ရှိတယ်လို့တောင် ပြောနိုင်တယ်။ ရွေးကောက်ပွဲမှာ အနိုင် ရတာကလည်း NLD က အများဆုံး ဆိုပေမယ့် ကျန်တဲ့ ပါတီတွေလည်း အထိုက်အလျောက် အနိုင် ရကြတယ်။ သူမသာ ကိုယ်မသာ အခြေအနေမျိုးပေါ့လေ။ တပ်မတော်သား အမတ်တွေ ရှိနေတာလေး တစ်ချက်ပဲ၊ သူတို့သာ မရှိရင်တော့ ဖက်ဒရယ် ဒီမိုကရေစီကို ပုံဖော်နိုင်တာက ရှမ်းလွှတ်တော်လို့ ပြောရဲတယ်။ တိုင်းရင်းသားဒေသမှာ တိုင်းရင်းသား များတာက သဘာဝ ကျပါတယ်၊ ဖြစ်လည်း ဖြစ်သင့်တာပေါ့။” ဟု နိုင်ငံရေး လေ့လာသူ တစ်ဦးက ပြောသည်။

.

၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်နေရာ ပထမ အများဆုံးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၃၃ ဦး၊ ဒုတိယ အများဆုံးအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၆ ဦး၊ တတိယ အများဆုံးအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၄ ဦး ဖြင့် အသီးသီး အနိုင် ရရှိခဲ့ပြီး တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင် နိုင်ငံရေးပါတီ ၉ ခုနှင့် တစ်သီးပုဂ္ဂလမှ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၀၅ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၃၅ ဦး၊ စုစုပေါင်း ၁၃၈ ဦး ပါဝင်မည် ဖြစ်သည်။

Journal Download

Photo of three cats