မင်းဇော်မင်း
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် လတ်တလော
တွေ့ရှိထားသည့် သဘာ၀ ကျောက်ဂူသည် အများပြည်သူ ဝင်ရောက်လေ့လာရန် မသင့်လျော်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု
မြေပြင်ကွင်းဆင်းအဖွဲ့ခေါင်းဆောင် မိုင်းတုံ မြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုဇော်က
ပြောဆိုခဲ့သည်။
.
အဆိုပါ ကျောက်ဂူအတွင်း အများပြည်သူ ဝင်ရောက် ကြည့်ရှုလေ့လာရာတွင်
သဘာဝဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့က
ဒီဇင်ဘာလ ၁၀ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ တွေ့ရှိချက်နှင့် ပတ်သက်၍ ဒုရဲမှူး ကိုကိုဇော်က
ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“ဂူအတွင်း ရေက ၁၀ ပေလောက်အထိ ရောက်တာ တွေ့ရတယ်။ ဂူကျဉ်းသွားတဲ့
နေရာမှာ လေးဘက်ထောက် တွားသွားရတဲ့ အနေအထားနဲ့ ဒေါင်လိုက်ဆို ပိန်တဲ့သူတစ်ယောက် ဝင်လို့ရတဲ့
အကျယ် ဆိုတော့ ဝင်တဲ့သူတွေ၊ အထူး သဖြင့် ကလေးတွေအတွက် အန္တရာယ် ရှိနိုင်တယ်။ ပြီးတော့
လူများလာရင် အောက်စီဂျင်လည်း ပြတ်နိုင်တယ်။ တွေ့ရှိ ချက်အရ အများပြည်သူ ဝင်ရောက်ဖို့
မသင့်လျော်ပါဘူး” ဟု ၎င်းက ပြောသည်။
.
.
ဌာနစုံပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ဒီဇင်ဘာ ၁ဝ ရက်၊
နံနက် ၁၁ နာရီ၂ဝမိ နစ်တွင် မီးစက်နှင့်လိုအပ်သည့်
အထောက်အကူပြုပစ္စည်းများဖြင့်ဝင်ရောက်ခဲ့ရာ အဆိုပါကျောက်ဂူအဝင်ဝမှာ ကား လမ်းမမှ
အောက်ဘက် ၁၅ ပေခန့်နိမ့်ဝင်နေပြီး ပုံမှန်ဝင်၍ရသည်အထိ ပေ ၃၂၀ ရှိကာ အမြင့် ၁၈ ပေ၊
အကျယ် ၂၅ ပေခန့်ပျှမ်းမျှရှိကြောင်း၊ ဂူဆုံးနေရာတွင် ခန္ဓာကိုယ်သေးသွယ်သည့်
လူငယ်များသာ ဝင်ရောက်နိုင်သည့် ၂ ပေခွဲခန့် ဂူပေါက်ငယ် ၁ ပေါက်၊ အရှည် ၈၄
ပေခန့်ဂူငယ် ၁ ခုတို့ကိုတွေ့ရှိရကြောင်း၊ ဂူမှာ ထုံးကျောက်အမျိုးအစားဖြစ်ပြီး
သာမန်အနေအထားအရ ပြိုကျရန်မရှိသော်လည်း ရေတိုက်စားခြင်းနှင့် ငလျင်လှုပ်ပါက
ကျောက်များအနည်းငယ် ပြိုကျလာနိုင်ကြောင်း၊ လူ ၃၀ အထက်ဆိုပါက
အသက်ရှုကြပ်နိုင်ကြောင်း၊ မိုးတွင်းတွင် ရေဝင်ရောက်မှု ၁၀ ပေခန့်အထိရှိနိုင်သဖြင့်
မိုးတွင်းတွင် ဂူအတွင်း လုံးဝ ဝင်ရောက်ရန် မသင့်လျော်ကြောင်းနှင့် ဂူအတွင်း လင်းနို့
အနည်းငယ်ကို တွေ့ရှိရကြောင်း၊ ဂူနောက်ဆုံးပိုင်းတွင် ဝမ်းလျားမှောက်၍
ဝင်ရောက်ရသည်ဖြစ်၍ သာမန်အားဖြင့် ဝင်ရောက်ခြင်း မပြုရန် လုံးဝတားမြစ်သင့်ကြောင်း ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏
အစီရင်ခံစာတွင် ဖော်ပြထားသည်။
.
“ဒီဂူက အရင်ဝင်ပေါက်က ကျဉ်းတယ်။ ၁၉၈ဝလောက်က ငလျင်လှုပ်ပြီး ဂူပေါက်ပျောက်သွားတာ
ခုပြန် ပေါ်တာပါ။ ထမ့်နမ့်လင်းတက် လို့ ခေါ်တယ်။ ကျွတ်တွေပေါတဲ့ရေချောင်းဂူလို့
မြန်မာလိုပြောရမယ်ထင်တယ်။ ရေက မိုင်းတုံအရှေ့ဘက်က နားပါကော်ဖက်အထိ
ပေါက်တယ်လို့လူကြီးတွေ ပြောတာရှိတယ်။ တချို့တွေလည်း ရေချောင်း က
ရွှေတိုရွှေစတွေရတယ်လို့ပြောကြတယ်” ဟု မိုင်းတုံဒေသခံ ဒေါ်နန်းယုံက ပြောသည်။
.
မိုင်းတုံမြို့နယ်အတွင်း သဘာဝကျောက်ဂူများရှိရာ
မဲကင်ရှိ ထမ့်ကစ်ဂူ၊ မိုင်းဟန်ဂူ၊ ဟွေအောဂူနှင့်ကျောက် တောင်ဂူ၊
ထမ်ဟိုနားဂူများကို တွေ့ရှိထားသည်ဖြစ်ရာ ထမ့်ကစ်ဂူမှာ အကြီးဆုံးဖြစ်ကြောင်း ၎င်းက ပြောပြသည်။
.
အဆိုပါ သဘာဝကျောက်ဂူမှာ မိုင်းတုံမြို့၊
နောင်ပါရင်ရပ်ကွက်၊ မိုင်းတုံ-မိုင်းဆတ်သွားလမ်း ထုံးဖိုအကွေ့ တွင်ရှိပြီး
လမ်းဦးစီးဌာနမှဒီဇင်ဘာ ၄ ရက်တွင် လမ်းချဲ့ရာမှ ကျောက်တောင်ရှိ သဘာဝကျောက်ဂူအား
တွေ့ရှိရခြင်း ဖြစ်ပြီး အများပြည်သူအချို့ဝင်ရောက်လေ့လာမှုများ
ပြုလုပ်လျက်ရှိသဖြင့် မလိုလားအပ်သော ပြဿနာများဖြစ်ပွားမှု မှကာကွယ်ရန်
သဘာဝကျောက်ဂူအား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်းနှင့် မလိုအပ်ဘဲ ကျောက်ဂူအတွင်းဝင် ရောက်ခြင်းမပြုကြရန်
တိုက်တွန်းအကြံပြုထားကြောင်း သိရသည်။
.