.
တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မိမိနေအိမ်၌ ကောက်ရိုးမှို တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိစေရန်နှင့် စီးပွားဖြစ် စိုက်ပျိုးလိုသူများကို ယနေ့ ဒီဇင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်ရိုးမှို ပျိုးထောင်စိုက်ပျိုးနည်းအား လက်တွေ့သရုပ်ပြ၍ သင်ကြားပေးခဲ့ကြောင်း သိရသည်။
.
ကောက်ရိုးမှိုသည် လူတိုင်း ကြိုက်နှစ်သက်သည့် သီးနှံတစ်မျိုး ဖြစ်သည့်အပြင် နေရာ အနည်းငယ် ရင်းနှီးမှုအနည်းငယ်နှင့် မှိုမျိုး ရှိပါက ရက်ပိုင်းအတွင်း စိုက်ပျိုး ထွက်ရှိလာမည့် ဈေးကောင်း ရရှိစေသော သီးနှံမျိုး ဖြစ်ပြီး ကျေးရွာများတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိစေကာ မိသားစု အပို ဝင်ငွေလည်း ရ၍ စီးပွားဖြစ် တစ်ပိုင် တစ်နိုင် စိုက်ပျိုး၍ ရသည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုးမင်းအောင်က အသိပညာပေးပြောကြားခဲ့သည်။
.
ကောက်ရိုးမှို စိုက်ပျိုးရာတွင် စိုက်ပျိုးမည့် မြေနေရာအား ၃ ပေ၊ ၁၀ ပေ ဘောင်အတွက် အနက် ၄ လက်မ မြေတူးထုတ်၍ ရေလောင်းပေးခြင်း၊ ယင်းမြေနေရာတွင် ခြ၊ ပုရွက်ဆိတ်များ ရှိပါက ထုံးဖြူး၍ နွားချေး ၃ တင်းကို အောက်ခံခင်းခြင်း၊ နာရီဝက်ခန့် ရေစိမ်ထားသော ကတ်ထူစက္ကူဖြင့် ခင်းထားသော နွားချေးပေါ်တွင် ဖြန့်ကျဲကာ မှိုမျိုးထုပ် ၅ ထုပ်ကို ချေမွ၍ ကတ်ထူစက္ကူပေါ်တွင် ကျဲပေးပြီးနောက် နွားချေးထပ်ခင်းပေးပြီး ရေလောင်းကာ ပလပ်စတစ် (မိုးကာ)ဖြင့် လေလုံအောင် ဖုံးအုပ်ခြင်း၊ မှိုဘောင်အား အရိပ် ရစေရန် ကတ်ထူစက္ကူဖြင့် ပလပ်စတစ်အပေါ်မှ ထပ်မံအုပ်ပေးခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံများသို့ လက်တွေ့ သရုပ်ပြပေးခဲ့ကြောင်း သိရသည်။
.
ကောက်ရိုးမှိုမှာ စိုက်ပျိုးပြီးနောက် ၁၄ ရက်ခန့် အကြာတွင် စတင်ခူးယူနိုင်ပြီး အနည်းဆုံး ၄ ကြိမ်မှ အများဆုံး ၆/၇ ကြိမ်အထိ ခူးယူနိုင်ကြောင်း သိရသည်။
.