သံလွင်မြစ်အတွင်း၌ တရားမဝင် ရွှေတူးဖော်နေသော ဖောင်များ တွေ့ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သံလွင်မြစ်အတွင်း၌ တရားမဝင် ရွှေတူးဖော်နေသော ဖောင်များ တွေ့ရှိနေ

မင်းဇော်မင်း

.

ရှမ်းပြည်နယ်အတွင်း ဖြတ်သန်း စီးဆင်းနေသည့် သံလွင်မြစ်အတွင်းမှုံစုပ် စက်ကြီးများ အပါအဝင် ကိရိယာ အစုံအလင် ပါရှိသည့် ရွှေတူးဖော်သော ဖောင်ကြီးများကို တွေ့ရှိနေရကြောင်း သိရသည်။

.

အဆိုပါ ရွှေဖောင်များမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်များ အကြား ဖြတ်သန်း စီးဆင်းနေသည့် သံလွင်မြစ်အတွင်းဒီဇယ်စက် မြင်းကောင်ရေ ၃၅၀ တပ် (၆)လုံးထိုး ဖောင်အကြီး ၁၂ ဖောင်နှင့် မြင်းကောင်ရေ ၁၅၀ တပ် (၄)လုံး ထိုးဖောင် ၄ ခုတို့ ဖြစ်ကာ တစ်ရက်လျှင် ခန့်မှန်း ရွှေ ၄၀ ကျပ်သားမှ ၈၀ ကျပ်သား အထိ ရရှိနေပြီး ရွှေရှာ ကာလမှာ မိုးတွင်းမှအပ ကျန်ကာလများတွင် ပြုလုပ်နေခြင်း ဖြစ်သည်ဟု သတင်း ရင်းမြစ်များထံမှ သိရသည်။

.

ရွှေဖောင် တစ်ခုလျှင် ပေ ၄၀ မှ ၁၀၀ ခန့် ရှိပြီး မှုံစုတ်စက်ဖြင့် မြစ်ရေကို ရယူ တူးဖော်ခြင်း ဖြစ်သည့်အတွက် မြစ်အတွင်း သဲသောင်ပူစာများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

.


ထို့အပြင် သံလွင်မြစ်ကူး တံတား(တာဆန်း) အပေါ်ဘက် မိုင်းဆတ်မြို့နယ်၊ နမ့်ဆင်ချောင်းမှ သံလွင်မြစ် အတွင်းသို့ စီးဝင်ရာ အောက်က် သံလွင်မြစ်အတွင်းလည်း ရွှေဖောင်များ ရှိနေကြောင်း Gogle Earth မှ တွေ့မြင်နေရသည်။

.

ယင်းဖောင်များ ရှိသည့်နေရာများတွင် သံလွင်မြစ်ရေမှာ အဝါရောင် နောက်နေသည်ကို တွေ့ရှိရပြီး မြေပြင်သတင်းများအရ အဆိုပါ နေရာများ၏ အနီးဝန်းကျင် ၅ မိုင် ပတ်လည်တွင် သစ်ခုတ်ခြင်း၊ တောလိုက်ခြင်း၊ မြစ်ချောင်းအတွင်း ငါးဖမ်းခြင်း၊ သွားလာခြင်းများကို ဒေသခံများ အနေဖြင့် ၎င်းတို့ အန္တရာယ် ပြုမည်ကို စိုးရိမ်၍ မပြုလုပ်ရဲကြကြောင်း သိရသည်။

.

ရွှေတောင်ကနေ တောင်လေးလုံးက လှမ်းမျှော်ကြည့်ရင်ကို ရေနောက်နေတာတွေ မြင်နေရတယ်၊ သေချာအောင် စုံစမ်းပြီး တင်ပြသွားဖို့ ရှိပါတယ်။” ဟု မိုင်းတုံမှ အမည်မဖော်လိုသူ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းရာတွင် သံလွင်မြစ်အတွင်းမည်သည့် ရွှေတူးဖော်မှု လုပ်ငန်းကိုမျှ ခွင့်ပြုထားခြင်း မရှိကြောင်း ဖြေကြားခဲ့သည့်အပြင် ရှမ်းပြည်နယ် ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနမှ  တာဝန်ရှိသူ တစ်ဦးကလည်း ယင်းကိစ္စအား အထက်ဌာနသို့ တင်ပြသွားမည်ဟုသာ ပြောဆိုခဲ့သည်။

.

တိုင်းပြည်ဘဏ္ဍာငွေလည်း မရ၊ မြစ်အတွင်း သဲသောင်တွေလည်း ပျက်စီး၊ သဘာဝတွေလည်း ပျက်စီးနဲ့ တာဝန်ရှိသူတွေ ကာကွယ်ပေးရင် ကောင်းပါမယ်။”ဟု မိုင်းတုံ အခြေစိုက် နိုင်ငံရေးပါတီဝင် တစ်ဦးက ပြောသည်။

.

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက မိုင်းတုံမြို့နယ်၊ သံလွင်မြစ် အရှေ့ဘက်ကမ်းသို့ ခါးကျိုးကာ မျောလာသော ရွှေဖောင် သောင်တင်လာသည်ကို မိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့ပြီးနောက် သံလွင်မြစ် အပေါ်ဘက် မိုင်းပျဉ်းမြို့နယ်၊ တာပုကူးတို့ဆိပ် အနီးတွင် ရွှေဖောင်အမြောက်အများ တွေ့ရှိသဖြင့် တပ်မတော်က  ပစ်ခတ်နစ်မြုပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

မြစ်ကြီးများတွင် ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ပါက သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ခြင်း၊ အသုံးပြုသည့် ဓါတု ပစ္စည်းများကြောင့် မြစ်ရေ ညစ်ညမ်းပြီး သက်ရှိဂေဟ စနစ်ကို ပျက်သုဉ်းစေနိုင်ခြင်း၊ ရေကြောင်း တိမ်ကော ပြောင်းလဲနိုင်ခြင်း စသည့် အချက်များကြောင့် ၂၀၁၂ ခုနှစ်၊ မတ်လအတွင်း အစိုးရက ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းမြစ် အပါအဝင် မြစ်ကြီး ၅ ခုအတွင်း ရွှေတူးဖော်ခြင်း လုပ်ငန်းများ ခွင့်မပြုတော့ဘဲ တူးဖော်သူများကိုလည်း အရေးယူသွားမည် ဖြစ်ကြောင်း မီဒီယာများကတဆင့် ထုတ်ပြန်ခဲ့သည်။

.

မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ် ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည်နှင့် အညီ သယံဇာတ ထုတ်ယူ သုံးစွဲမှုများမှာ ပြည်သူလူထုအတွက် အမှန်တစ်ကယ် အကျိုးဖြစ်ထွန်းစေရန် တစ်ကမ္ဘာလုံးက စံထားကျင့်သုံးနေသည့် ပွင့်လင်းမြင်သာမှု ရှိရေး ကြိုးပမ်းဆောင်ရွက်ချက်အနေဖြင့် တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီ (Extractive Industry Transparency initiative Leading Authority)” ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက ဖွဲ့စည်းထားသည်။

Journal Download

Photo of three cats