စုလှိုင်
.
တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာ ပြည်ထောင်စု ကားလမ်း အဆင်းလမ်းတွင် ယနေ့ ဒီဇင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းက ကားတစ်စီး ချောက်အတွင်း ပြုတ်ကျခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ ကိုမင်းကိုနိုင် မောင်းနှင်သည့် ၆ ဘီးယာဥ်သည် တောင်ကြီး- အေးသာယာ ပြည်ထောင်စု ကားလမ်းမပေါ် (အဆင်းလမ်း)၊ မိုင်တိုင် အမှတ်( ၁၁၀/၁) နှင့် (၁၁၀/၂) ကြားသို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ လမ်းတားအုတ်ခုံအား ဝင်ရောက်တိုက်မိကာ အမြင့်ပေ ၂၀ ခန့်ရှိ ချောက် အတွင်းသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ မော်တော်ယာဥ် ချောက်အတွင်း ပြုတ်ကျခဲ့သော်လည်း ယာဥ်မောင်းသည် လမ်းပေါ်သို့ ခုန်ချခဲ့ခြင်းကြောင့် တစ်စုံတရာ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်း ကိုမင်းကိုနိုင် အား အေးသာယာနယ်မြေရဲစခန်းတွင် ယာဥ်(ပ) ၃၇ /၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။