.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၃၀ ရက်၊ နံနက် ၂ နာရီခန့်တွင် ရွာငံမြို့နယ်၊ အောင်ပန်း-ရွာငံ သွားကားလမ်း၊ တပ်ကုန်းကျေးရွာအနီး၌ အောင်ပန်းဘက်မှ ရွာငံဘက်သို့ မျိုးမင်းအောင် မောင်းနှင်ပြီး ကျော်ဆန်းဝင်း လိုက်ပါလာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်၏ အလယ်လျှောက်လမ်း ကြမ်းခင်းတွင် အံဝှက်ပြုလုပ် ထည့်သွင်း သယ်ဆောင်လာသည့် ဘိန်းဖြူ ၅ ဒသမ ၂၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀ဝ၀ဝ ပြားတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ရှေ့ပြေးယာဉ်အဖြစ် အောင်ကျော်ဆန်း မောင်းနှင်ပြီး မတင်ဆန်းဝင်း၊ ကျော်လှိုင်ဘွားတို့ လိုက်ပါလာသည့် မော်တော်ယာဉ်နှင့် အောင်အောင် မောင်းနှင်ပြီး သန့်ဇင်ကျော် လိုက်ပါလာသည့် မော်တော်ယာဉ် ၂ စီးတို့အား ယင်းနေ့ နံနက် ၃ နာရီခွဲ အချိန်တွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
.
ထို့အတူ အဆိုပါ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား ရောင်းချ သယ်ဆောင်ခိုင်းသူ သီဟဦး(ခ) အကြွင်း ငှားရမ်း နေထိုင်သည့် နမ့်စန်မြို့နယ်၊ ဝမ်ပုံကျေးရွာအုပ်စု၊ မီးသွေးကုန်းကျေးရွာရှိ နေအိမ်အား ဒီဇင်ဘာလ ၁ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ သီဟဦး (ခ) အကြွင်းမှာ ထွက်ပြေး တိမ်းရှောင်သွားပြီး ယင်းနေအိမ် အိပ်ခန်းအတွင်းမှ ဆာလာအိတ်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ဝ ဒသမ ၆၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီး ရမိသူများ၊ ရှေ့ပြေးယာဉ်အဖြစ် ဆောင်ရွက်ခဲ့သူများနှင့် စေခိုင်းသူ (မဖမ်းမိသေး)တို့အား အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။