ငြိမ်းသူ
.
လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ ကျေးရွာ
၁၀ ရွာတွင် ပြည်သူ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ
ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
.ထိုသို့ ဆောင်ရွက်ရာတွင် လိုအပ်သည့် ပိုက်များကို
UNICEF မှ ထောက်ပံ့ပေးပြီး ကျေးရွာနေ ပြည်သူများမှ ပိုက်ဆက်ပစ္စည်းများ
ဝယ်ယူခြင်း၊ ရေပိုက်လိုင်းတူးဖော်ခြင်း၊ ပိုက်ဆက်ခြင်းအတွက် လုပ်အားပေးခြင်းတို့ကို
ဆောင်ရွက်လျက်ရှိကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများမှ ဒီဇိုင်းရေးဆွဲခြင်း၊
လိုအပ်သော နည်းပညာအကူအညီများကို အနီးကပ် ကူညီဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
အဆိုပါ သောက်သုံးရေသွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက
ကျေးရွာ ၁၀ ရွာရှိ အိမ်ခြေ ၈၄၄ အိမ်မှ လူဦးရေ ၄၁၉၉ ဦးတို့အတွက် သောက်သုံးရေရရှိရေး
အကျိုးပြုစေမည်ဖြစ်ကြောင်း နမ့်စန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှူး
ဦးကျော်စိုးဝင်းထံက သိရသည်။
.
ယင်းကဲ့သို့ အိမ်တိုင်ရာရောက်သောက်သုံးရေ
ရရှိရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ယမန်နေ့ နိုဝင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက လွိုင်လင်ခရိုင်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမြင့်၊ နမ့်စန်
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး
ဦးကျော်စိုးဝင်း၊ UNICEF မှ ဌာနေ ကိုယ်စားလှယ် ဦးအောင်စိုး
နှင့်ဝန်ထမ်းများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့်
ရေဖြန့်ဝေမည့်အခြေအနေ၊ ရေမီတာခ ကောက်ခံမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေး မှာကြားခဲ့ကြောင်း
သိရသည်။
.