အမျိုးသားလွှတ်တော်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ NLD ပါတီ ကိုယ်စားပြု အနိုင် ရရှိခဲ့သည့် ဦးထိုက်ဇော် သေဆုံးမှုနှင့် ပတ်သက်၍ ဝေဖန် ထင်ကြေး ပေးမှုများ မပြုလုပ်ရန် ရှမ်းပြည်နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီက ထုတ်ပြန်ခဲ့သည်။
.
ယခု အချိန်အခါသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် တိုင်းရင်းသားများနှင့် လက်တွဲ တည်ဆောက်နေချိန် ဖြစ်သောကြောင့် ယုံကြည်မှု မပျက်ယွင်းစေရန် အဖြစ်မှန်အား တရားဝင် မဖော်နိုင်မီ အချိန်ထိ ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် ဝေဖန် ထင်ကြေးပေးမှုများ မပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ ဦးထိုက်ဇော် သေဆုံးမှုအတွက် မိသားစုနှင့် ထပ်တူ အထူးဝမ်းနည်းကြေကွဲကြောင်းနှင့် အကြမ်းဖက် လုပ်ကြံ သတ်ဖြတ်မှုအား အပြင်းအထန် ရှုံ့ချကြောင်းကိုလည်း ဖော်ပြထားသည်။
.
ဦးထိုက်ဇော်သည် ယနေ့ ညနေ ၆ နာရီခွဲခန့်က ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ရှိနေချိန် သေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ယာဘက်နို့အုံတွင် ကျည်ဖောက်ဝင် ဒဏ်ရာ ရရှိကာ ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။