.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦစီးအဖွဲ့ ဥက္ကဌ ဦးဝင်းကျော် (ခ) အိုက်မိန်းအား တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) ပါတီဝင် အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အောက်တိုဘာ ၃၁ ရက်က ယင်းပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
“ သူ့ကို ထုတ်ပယ်တာ ဟုတ်ပါတယ်၊ ပါတီက ချတဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာဘဲ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်တာ ဖြစ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အနေနဲ့ ထုတ်ပြန်တာ ဖြစ်ပါတယ်၊ အရင်၂၀၁၅ ကတော့ သူက ပါတီဥက္ကဌပါ၊ ခု လက်ရှိ ဥက္ကဌက ဦးခွန်ရီ ဖြစ်ပါတယ်။” ဟု တအာင်း(ပလောင်) အမျိုးသားပါတီ(TNP) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမိုဏ်းအုံးခိုင်က ပြောသည်။
.
တအာင်း(ပလောင်) အမျိုးသားပါတီတွင် ပါတီ၏ စည်းမျဉ်း၊ ပါတီဝင်တို့၏ ကျင့်ဝတ်၊ ပါတီဝင်တို့ လိုက်နာရမည့် စည်းကမ်းများ၊ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ၏ ပါတီအပေါ် ထားရှိလိုက်နာရမည့် ကတိကဝတ်များ၊ အထွေထွေရွေးကောက်ပွဲအတွက် ပါတီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ခြင်း စသည့် ပါတီ၏ ပါတီဝင် တစ်ဦးချင်း လိုက်နာရမည့် ကျင့်ဝတ်၊ စည်းကမ်းများကို လိုက်နာမှု မရှိဘဲ တစ်သီးပုဂ္ဂလ အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်းကြောင့် ထုတ်ပယ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
.
အဆိုပါ တအာင်း(ပလောင်) အမျိုးသားပါတီမှ ထုတ်ပယ်ခဲ့သူများတွင် ဒေသဦးစီး ဥက္ကဌ ဦးဝင်းကျော် (ခ) အိုက်မိန်း အပြင် မန်တုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအယိုင်စဉ်လည်း ပါဝင်သည်။
.
ဦးဝင်းကျော် (ခ) ဦးအိုက်မိန်းသည် လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တွင်လည်းကောင်း၊ ဦးအယိုင်စဉ်သည် ရှမ်းပြည်နယ်လွှတ်တော်၊ မန်တုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် လည်းကောင်း တစ်သီးပုဂ္ဂလအဖြစ် အသီးသီး ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြမည် ဖြစ်သည်။
.
တအာင်း(ပလောင်) အမျိုးသားပါတီသည် လာမည့် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ လားရှိုး၊ ကျောက်မဲ၊ နမ့်ခမ်း၊ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များမှ မဲဆန္ဒနယ်များ အပါအဝင် အမျိုးသားလွှတ်တော်အတွက် ၆ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၀ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် ၂၀ နေရာတို့တွင် ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံမည် ဖြစ်ကြောင်း သိရသည်။
.