အောင်ကျော်မိုး (တာလေ)
.
ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး၏ တာလေမြို့တွင်း
လမ်းပိုင်းရှိ ပျက်စီးနေသည့် နေရာများနှင့် ယာဉ် မတော်တဆမှု အဖြစ်များသည့် နေရာများ၊
ယာဉ်အဝင်အထွက်များသည့် လမ်းဆုံနေရာများအား ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် အများပြည်သူ
ဘေးကင်းစွာ သွားလာနိုင်ရေးအတွက် သော်တာဝင်းကုမ္ပဏီနှင့် တာလေမြို့နယ်ခွဲ စည်ပင်သာယာရေးဌာန
တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
မိုးတွင်းကာလများအတွင်းက မိုးရွာသွန်းမှုကြောင့်
လမ်းပျက်စီးမှုများ ရှိခဲ့ပြီး ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားခဲ့ရာ ယခုအခါ ယင်း
ပျက်စီးနေသော လမ်းပိုင်းများကို ပြန်လည်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လမ်းပိုင်း ပြန်လည်ပြုပင်မွမ်းမံခြင်းလုပ်ငန်းများ
ဆောင်ရွက်ပြီးပါက ယာဉ်များ ဘေးအန္တရာယ် ကင်းစွာ မောင်းနှင်သွားလာနိုင်မည်ဖြစ်ပြီး လမ်းဘေးဝဲယာများတွင်
လမ်းညွှန်ဆိုင်းဘုတ်၊ အမှတ်အသား တပ်ဆင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ပြင်ဆင်မွမ်းမံမှု လုပ်ငန်းများကို သော်တာဝင်းကုမ္ပဏီက
တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လမ်းသတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေး၊ အများပြည်သူ
ဘေးအန္တရာယ် ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင် ရေးအတွက် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.