တောင်ကြီးနှင့် ရွာငံမြို့နယ်တို့တွင် ငွေကျပ် ၁၀၈ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 20, 2020

တောင်ကြီးနှင့် ရွာငံမြို့နယ်တို့တွင် ငွေကျပ် ၁၀၈ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

စုလှိုင်

.

တောင်ကြီးမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် နိုဝင်ဘာလ ၁၉ ရက်က ငွေကျပ် ၁၀၈ သိန်းကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၉ ရက်၊ နေ့လယ် ၁ နာရီခွဲ အချိန်ခန့်က သတင်းအရ သက်သေများနှင့်အတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျောက်ဂူပြင်ကျေးရွာအထွက် ရွာငံ-ကျောက်ဆည်သွား လမ်းပေါ်တွင် ရွာငံမြို့ဘက်မှ ကျောက်ဆည်မြို့ဘက်သို့ ဖယ်ခုံမြို့နယ်၊ ပုန်းလောကျေးရွာနေ လှပန်းမိုး (ခ) ဘယ်ကျော် စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ ဘိန်းစိမ်း အလေးချိန် ၂၄ ကီလို၊ တန်ဖိုး ငွေ ကျပ် ၇၂ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် ယင်းနေ့ ညနေ ၆ နာရီခွဲခန့်က တောင်ကြီးမြို့နယ်၊ လွယ်ကောင်းကျေးရွာအနီး တောင်ကြီး-ကျောက်တစ်လုံးသွား လမ်းပေါ်တွင် ကျောက်တစ်လုံးဘက်မှ တောင်ကြီးမြို့ဘက်သို့ တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်နေ ဇော်နိုင်ဦး မောင်းနှင်ပြီး မျိုးမျိုးအောင် (ခ) မျိုးအောင် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင် ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တွင် သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၃၆၀၀ ပြား၊ တန်ဖိုး ငွေကျပ် ၃၆ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိ ကြောင်းသိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About