အောင်ကျော်မိုး
.
လွန်ခဲ့သော A-D ၁၉ ခုနှစ်ဝန်းကျင်က
မြန်မာနိုင်ငံ၏ အရှေ့ပိုင်းဒေသ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၏
မြောက်ဘက်ပိုင်း တရုတ်နိုင်ငံနယ်စပ် (မိုင်းကာ) ယခု မိုင်းပေါက်ဒေသမှ ရေကြည်ရာ
မြက်နုရာ ရှာရင်း ပြောင်းရွှေ့ဆင်းတက်လာသော ရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင် လူတစ်စုရှိခဲ့သည်။
.
.ထိုအချိန်တွင် ပြောင်းရွှေ့လာခါစဖြစ်သော
ထိုရှမ်းတိုင်းရင်းသားများသည် မှီတင်းနေထိုင် လုပ်ကိုင်စားသောက်ရန်
နေရာမရှိကြသေးသဖြင့် အခြေချနေထိုင်ရန် နေရာသစ်ရှာကြရာ၌ ပန်ပေါက်ရွာကို အရင်းပြုကာ
ရွာသစ်တည်၍ မှီတင်းနေထိုင် လာခဲ့ကြသည်။
.
ရွာသစ်တည်ပြီးနောက် ၉-၁၀ ရက်ရောက်လာသောအခါ
ရှေးခေတ်အလိုက် လုပ်ကိုင်စားသောက်ရန် တောင်ယာ၊ လယ်ယာ၊ ခြံ စသည်တို့ကို
အသက်မွေးဝမ်းကြောင်း ပြုဖို့ရန် လူတစ်စုက မြေနေရာအရှာထွက်ခဲ့ကြသည်။
.
ထိုသို့ လုပ်ကိုင်စားသောက်ရန်အတွက် တောအုပ်၊
သစ်အုပ်၊ တောင်ရိုး၊ တောနက် စသည်ဖြင့် တစ်တောင်ဝင် တစ်တောင်ထွက်ဖြင့်
မြေနေရာကိုအရှာထွက်လာခဲ့ကြစဉ် သစ်ပင်ကြီးများဝိုင်းရံချုံငုံလျှက် တောင်တွေကြားက
သစ်အုပ်ကြီးကြီးများပေါက်လျက် တောင်ကုန်းလေးတစ်နေရာကို တွေ့ခဲ့ကြပြီး ထိုနေရာ၌ပင်
ရွှေဝါရောင်သန်းလျက် အပင်ခပ်ကြီးကြီး ပေါက်ပန်းပင် ၃ ပင်ကို လှမ်းမြင်လိုက်ကြရ၏။
.
ထိုနေရာတွင် ပေါက်ပန်းပင်ကို ကျောမှီပြီး
ခပ်စောင်းစောင်းထိုင်နေတော်မူေသာ ရှေးဟောင်းဘုရား ရုပ်ပွားတော်တစ်ဆူကိုလည်း
တွေ့မြင်ခဲ့ကြရလေသည်။
.
ထိုအခါ မြေယာအရှာထွက်ခဲ့ကြသော
ရှမ်းတိုင်းရင်းသား တစ်စုတို့မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အလျောက်
ရုပ်ပွားတော်ကို ဖူးမြော်လိုက်ကြရတော့ စိတ်နှလုံးတွင် ကြည်နူးမဆုံး၍ နဂို ကိန်းအောင်းနေသော
သဒ္ဒါတရားအဟုန်က တိုးပွားလာကာ လက်အုပ်ချီ ရှိခိုးကြပြီးနောက်
ရုပ်ပွားတော်တည့်တည့်မတ်မတ်ဖြစ်ရန် ဝိုင်းဝန်း၍ မထူခဲ့ကြသည်။
.
သို့သော် ရှမ်းတိုင်ရင်းသားတို့မှာ အားလုံးက
နည်းလမ်းမျိုးစုံသုံး၍ ရုပ်ပွားတော်အား အစွမ်းကုန် ကြိုးစားမထူကြ သော်လည်း
မည်သို့မျှ မထူနိုင်ကြသောကြောင့်နောက်ဆုံးတွင် ရွာသို့ပြန်ကာ သူတို့မြင်တွေ့ခဲ့ကြရသည့်
အဖြစ်အပျက် အကြောင်းစုံကို ရွာသားများအား ပြန်လည်ပြောပြခဲ့ကြလေသည်။
.
ထို့နောက် ပန်ပေါက် ရွာသူရွာသားများ အိမ်ခြေ ၁၀
အိမ်လောက်က ပေါက်ပန်းပင်ပွဲတော်ကျင်းပကြမည်ဟု ပြောကာ ထိုပေါက်ပန်းပင်အောက်တွင်
ဗုဒ္ဓပူဇော်ပွဲတော်ကျင်းပကြရန် အားလုံးပြိုင်တူ သဘောတူဆုံးဖြတ်ခဲ့ကြသည်။
.
ထိုအချိန်မှ ပန်ပေါက်ရွာသူရွာသားများအားလုံးလည်း
ပေါက်ပန်းပင်အနီးနားတဝိုက် တောအုပ်ထဲမှ ပေါက်ပန်းပင် ဘေးပတ်လည် ဝန်းကျင်တွင်
ညအိပ်လာကြပြီး ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်မြောက်သွားအောင် ပွဲတော်ကျင်းပနိုင်ရန်
ဝိုင်းဝန်းပြင်ဆင်ခဲ့ကြသည်။
.
ရှမ်းတိုင်းရင်းသားများ အစဉ်အလာ အစားအစာအရ
တစ်ချို့က ကောက်ညှင်းဆန်ကို မနက်စောစောပေါင်းပြီး ဆွမ်းတော်တင်နိုင်ရန်နှင့်
ပွဲတော်အတွင်း၌ ဧည့်ခံကျွေးမွေးနိုင်ရန် ဆန်ကို ရေစိမ်ကြသည်။
.
မနက်စောစောတွင် အချက်အပြုတ်အဖွဲ့သားတို့က အမှောင်ထဲတွင်
နှင်းဖွဲဖွဲလွှမ်းခြုံလျက်ရှိသော ရေချောင်းဘက်သို့
ရေခပ်ဆင်းသွားကြလေသည်။
.
အခိုက်မှာ ချောင်းကရေတက်နေပြီး ရေခပ်ဆင်းသူများမှာ
ချောင်းတဘက်ကမ်းတွင် ကိုရင်လေး တစ်ပါးကို ရုတ်တရက်လှမ်းမြင်ကြရလေသည်။
.
ထိုကိုရင်လေးက ချောင်းရေတက်ရင်းတန်းလန်း ချောင်းတစ်ဘက်ကမ်းသို့
ဖြတ်ကူးမည်လုပ်ရာ သူတို့က ရေကျသည်အထိ ခေတ္တစောင့်ဆိုင်းပါရန် ဝိုင်းဝန်းတားကြရာမှ
ထိုကိုရင်လေးက ဘာမှမဖြစ်ဘူးဟု ပြန်လည် မိန့်တော်မူသဖြင့် ရေခပ်ဆင်းသူများက
ရေကိုသာဆက်လက်ခပ်ကြလေသည်။
.
ထိုအခိုက် ရေခပ်ပြီး
ကိုရင်လေးအားပြန်လည်သတိရလာချိန်တွင် ထိုကိုရင်လေးသည် ထိုနေရာမှာပင် ထူးဆန်းစွာ
ပျောက်ကွယ်သွားသည်ကို သိရှိလိုက်ရသည်။
.
ရေခပ်ဆင်းကြသော ပန်ပေါက် ရွာသားများ ရေခပ်ပြီး ဘုရားပွဲကျင်းပမည့်နေရာသို့
ပြန်ရောက်လာတော့ ပေါက်ပန်းပင်အားမှီ၍ နကိုစောင်းလျှက်ရှိနေသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်မှာ
မားမတ်စွာထောင်လျက် ထိုင်နေတော်မူသည်ကို အံ့ဩစွာတွေ့မြင်ကြရလေ တော့သည်။
.
ထိုမှစတင်ကာ တစ်ခေတ်ပြီးတစ်ခေတ် ဆက်ကာ စော်ဘွားစင်ဟာအစ်ကိုဖြစ်သော
မိုင်းလင်းဘွား ဘွားအိင်း(န်)တဝန်း တို့ခေတ် ရောက်လာသောအခါ ရပ်နီးရပ်ဝေးမှ
အလှူရှင်များနှင့် အတူ အုတ်စိမ်း လှူဒါဏ်းကာ ကျောင်းဆောင်
ဆောက်လုပ်လှူဒါဏ်းခဲ့ကြရာမှ စတင်၍ ယခု ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊
တာလေမြို့၊ မိုင်းလင်း (အရှေ့) ကျေးရွာအုပ်စုအတွင်း လန့်တောင်းကျေးရွာတွင်
အများပြည်သူတို့သိရှိထားသည့် သမိုင်းဝင် အထင်ကရ ဘုရားကြီးတစ်ခုအဖြစ်ထင်ရှား
ကျော်ကြားသော “ မိုင်းလင်း လန့်တောင်းဘုရား ”အဖြစ် ဖြစ်ပေါ်လာခဲ့လေသည်။
.
ဆက်လက်၍ ဘုရားကျောင်းဆောင်တိုးချဲ့ဆောက်လုပ်ရန်
ရပ်နီးရပ်ဝေးမှ အလှူရှင်များနှင့်အတူ လုံးဆန်အိဝ်းနှင့် ကျိုင်းတုံမှ
ဆရာခမ်းတန်းတို့က ကျောင်းဆောင်အမိုးဆောက်လုပ်လှူဒါဏ်းခဲ့ကြပြီး သာသနာနှစ် ၂၅၁၄ ခု၊
ကောဇာ သက္ကရာဇ် ၁၃၃၃ ခုနှစ်၊ နတ်တော်လပြည့်၊ ခရစ်နှစ် ၁၉၇၁ တွင် အလှူရှင်
ယာရှဲန်(င်)က ယခုကျောင်းဆောင်ကို စတင် ဆောက်လုပ်ရန် အလှူငွေ ၃၀၀၀ မတည်ခဲ့သည်။
သာသနာနှစ် ၂၅၂၀ ခု၊ ကောဇာသက္ကရာဇ် ၁၃၃၈ ခုနှစ်၊ နတ်တော် လပြည့်၊ ခရစ်နှစ် ၁၉၇၆
တွင်အောင်မြင်စွာ ရေစက်သွန်းချ လှူဒါန်းနိုင်ခဲ့ကြသည်။
.
လွန်ခဲ့သော ကောဇာသက္ကရာဇ် ၁၃၄၆ ၊ ခရစ်နှစ် ၁၉၈၄
ပြာသိုလရောက်သောအခါ ရုပ်ပွားတော်၏မုနိတော်မှာ အခိုးခံသွားရာ အဆိုပါမုနိတော်မှာ
ပြန်လည်ရရှိပြီးဖြစ်သည်။
.
တာလေမြို့တွင် သမိုင်းဝင် အထင်ကရ ဘုရားကြီးအဖြစ်
ထင်ရှားလျက်ရှိသော “လန့်တောင်း ဘုရား”နည်းတူ လူသိများသော နှစ်တစ်ရာကျော်
သက်တမ်းရှိ “အင်ကြင်း ” ကျောက်မှာလည်း သမိုင်းအမွေအနှစ်အဖြစ် ပြသထားလျက်ရှိရာ
တာလေမြို့ကို ဖြတ်သန်းသွားလာကြသော အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ အနေဖြင့်“လန့်တောင်း
ဘုရား”သို့ ဘုရားဖူးလာရောက် နိုင်ရန်တာလေမြို့မှ လိုက်လှဲစွာ ဖိတ်ခေါ်လိုက်ရပါသည်။
.
ကိုးကား
- ဤစာတမ်းကို လန့်တောင်းဘုရား သမိုင်းမှတ်တမ်းစာအုပ်မှ ကိုးကားရေးသားသည်။
.