ရှမ်းပြည်နယ်၌ စားသောက်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ခွင့် ပြု/မပြု အစည်းအဝေး လုပ်၍ ဆုံးဖြတ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, November 15, 2020

ရှမ်းပြည်နယ်၌ စားသောက်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ခွင့် ပြု/မပြု အစည်းအဝေး လုပ်၍ ဆုံးဖြတ်မည်

ရှမ်းပြည်နယ် အတွင်း၌ စားသောက်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ခွင့် ပြု/မပြု အစည်းအဝေး ပြုလုပ်၍ ဆုံးဖြတ်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

.

“ တင်ထားတုန်းပဲ ရှိသေးတယ်၊ မနက်ဖြန် (နိုဝင်ဘာ ၁၆ ရက်)မှ အတည်ပြုမှာ။ မနက်ဖြန် လုပ်မယ့် အစည်းအဝေးမှာ ဆုံးဖြတ်မှာပါ။” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


ရှမ်းပြည်နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်း မပြုဘဲ Take-away စနစ်ဖြင့်သာ ရောင်းချသွားရန် ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာလ ၂၃ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီးနောက် ယခုတွင် ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ် ရောင်းချခွင့် ရရှိရေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

“ ဆိုင် ဖွင့်ခွင့် ရပေမယ့် ဆိုင်ထိုင် ရောင်းလို့ မရဘူးဆိုတော့ လာဝယ်တဲ့သူက မရှိသလောက်ပဲ။ အချိန်ကာလလည်း ကြာနေပြီဆိုတော့ ဖွင့်ခွင့် ရချင်တယ်။ ဆိုင်ထိုင် ရောင်းလို့ မရဘူးဆိုပေမဲ့ တချို့ဆိုင်တွေ ရောင်းနေကြတာလည်း ရှိနေကြတာပဲ။ တခြား ရွေးကောက်ပွဲ မဲဆွယ်တာတွေမျိုး လူစုလူဝေးတွေလည်း လုပ်ခဲ့ကြတာပဲလေ။”ဟု တောင်ကြီးမြို့ပေါ်မှ ထမင်းဆိုင် ပိုင်ရှင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် နယ်မြေ ဧရိယာ အကြီးဆုံးသော ပြည်နယ်တစ်ခု ဖြစ်ကာ စုစုပေါင်း စတုရန်းမိုင် ၆၀၁၅၅ ကျယ်ဝန်း၍ ပြည်နယ် အတွင်း၌ မြို့နယ်ပေါင်း ၅၅ မြို့နယ် ပါရှိသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About