ကိုစိုး (ကမ္ဘောဇတိုင်း)
.
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရည်မှန်းထားကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
(SNLD) ဒုတိယဥက္ကဋ္ဌ-၂ စိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွန့်က
ပြောဆိုခဲ့သည်။
.
.
“မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေအားလုံး မဲပေးနိုင်ဖို့ရယ်၊
မဲပေးဖို့မှာ အနှောင့်အယှက် ဖြစ်လာခဲ့ရင် သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနဲ့
လုပ်ဆောင်သွားဖို့လောက်ပဲ ရည်ရွယ်ထားပါတယ်။ အဓိက ကတော့ မဲဆန္ဒရှင်တွေ စိတ်ချမ်းသာ၊
ကိုယ်ချမ်းသာနဲ့ လွတ်လွတ်လပ်လပ် သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ မဲလာပေးစေချင်ပါတယ်။ တချို့နေရာ
တွေမှာ ဖိအားတွေ ရှိနေသလို ကော်မရှင်ရဲ့ အားနည်းချက်တွေလည်း ရှိနေတော့ အခက်အခဲတွေ ရှိပါတယ်။
ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ အောင်အောင်မြင်မြင် ကျင်းပသွားဖို့ပဲ ရည်မှန်းပါတယ်”
ဟု ဦးခင်မောင်ညွန့်က ပြောသည်။
.
ဦးခင်မောင်ညွန့်သည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင်
ဒုတိယဥက္ကဋ္ဌ-၂ တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပြီး ၎င်းသည် ကျေးသီးမြို့နယ် ရှမ်းပြည်နယ်မဲဆန္ဒနယ်
အမှတ် (၂) ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်ကာ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း
အဆိုပါ မဲဆန္ဒနယ်မှပင် ထပ်မံယှဉ်ပြိုင်သွားမည်ဖြစ်သည်။
.
.
“အဓိက တိုက်တွန်းချင်တာကတော့ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့
ကိုယ့်အခွင့်အရေး မဆုံးရှုံးအောင် လာမယ့် ၈ ရက်နေ့ မဲပေးတဲ့အချိန်မှာ အားလုံးလာပြီးတော့
မဲပေးစေချင်ပါတယ်။ မပေးရင် ၅ နှစ်စာ ဆုံးရှုံးသလိုဖြစ်မှာပေါ့” ဟု ဦးခင်မောင်ညွန့်က
ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)
ပါတီသည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်
အထွေထွေရွေးကောက်ပွဲ၌ ပါတီကိုယ်စားလှယ်လောင်း ၁၃၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်
အရွေးချယ်ခံမည် ဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၄၀
တွင် အနိုင် ရရှိခဲ့သည့် ပါတီ ဖြစ်ကြောင်း သိရသည်။
.