.
“ ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေကို ယုံကြည် စိတ်ချစွာနဲ့ မဲပေးပါ။ ကျွန်တော်တို့ပါတီ ဒုဥက္ကဌ(၁) ကိုယ်တိုင်က ပါတီနဲ့ ပြည်သူကို သစ္စာရှိပြီးတော့ ပြည်သူရှေ့ကနေ ရပ်တည်ပြီး အလုပ် လုပ်နိုင်မယ့်သူတွေကို စေလွှတ်လိုက်ပါတယ် ဆိုတဲ့ စကားက ကျွန်တော်တို့ အတွက် နိုင်ငံရေး ကတိကဝတ် တစ်ခု ဖြစ်ပါလိမ့်မယ်။”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းက ပြောသည်။
.
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပြည်သူလူထု ထောက်ခံမှု မြင့်မားလာခြင်းကြောင့် ရှမ်းပြည်နယ်အတွင်း၌ ရွေးကောက်ပွဲ ရလဒ်အဖြစ် ယခင် (၂၀၁၅ ရွေးကောက်ပွဲ) ရလဒ်ထက် ပို လိမ့်မည် ဖြစ်သော်လည်း မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ခြင်းအတွက် အားနည်းမှု အနည်းငယ် ရှိကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင်နိုင်ရန်မှာ အခြေခံဥပဒေအပေါ်တွင် မူတည်သည်ဟု ၎င်းက သုံးသပ်ခဲ့သည်။
.
“ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်မှာ မူတည်ပါတယ်။ အစိုးရအဖွဲ့ထဲ ဝင်ပါခြင်း၊ မပါခြင်းဆိုတာက ပါတီရဲ့ မူဘောင်တွေနဲ့အညီ ဗဟိုကော်မတီက ဆုံးဖြတ်ချက် ချတဲ့အတိုင်းပဲ လုပ်ကြမှာပါ။”ဟု ဦးအောင်ကျော်မိုးက ပြောသည်။
.
ယခင်က အရပ်ဘက်အဖွဲ့အစည်းတွင် တာဝန်ယူ ဆောင်ရွက်ခဲ့စဉ်က လုပ်ငန်းဆောင်ရွက်ရာတွင် အားနည်းမှု ရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါက ကိုယ်စားပြုခွင့်၊ အစိုးရအား ထိန်းကျောင်းခွင့်၊ ဥပဒေပြုပိုင်ခွင့် ရှိခြင်းတို့ကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ရခြင်း ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံရပါက မြေယာ၊ သယံဇာတ ကိစ္စများတွင် ပြည်သူ့အတွက် အကာအကွယ်၊ အာမခံချက် ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ဦးအောင်ကျော်မိုးက ပြောဆိုခဲ့သည်။
.
ပြည်သူ့လွှတ်တော်၊ နောင်ချိုမြို့နယ် မဲဆန္ဒနယ်တွင် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈ ဦးက ယှဉ်ပြိုင် အရွေးချယ်ခံကြမည် ဖြစ်သည်။