အမျိုးသားလွှတ်တော်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ NLD ပါတီ ကိုယ်စားပြု အနိုင် ရရှိခဲ့သည့် ဦးထိုက်ဇော် သေဆုံးမှုနှင့် ပတ်သက်၍ ကျူးလွန်သူအား ပြင်းထန်စွာ ရှုတ်ချကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
.
ပစ်ခတ်လုပ်ကြံမှုကြောင့် ကွယ်လွန်သွားသော ဦးထိုက်ဇော်၏ မိသားစုနှင့် အတူ ကြေကွဲ ဝမ်းနည်းရပြီး အကြမ်းဖက် လုပ်ရပ်အား ကျူးလွန်သူကိုလည်း ပြင်းထန်စွာ ရှုတ်ချသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ လုပ်ကြံ သတ်ဖြတ်သူကို အရေးယူ အပြစ် ပေးနိုင်ရေးအတွက် တာဝန် ရှိသူတို့က လျင်မြန်စွာ စုံစမ်း ဖော်ထုတ်ပေးရန်နှင့် ကျောက်မဲဒေသတွင် အလားတူ အကြမ်းဖက် လုပ်ရပ်များ နှစ်စဥ် မကြာခဏ ပေါ်ပေါက်လျက် ရှိသည်ကိုလည်း ထိထိရောက်ရောက် ဟန့်တား အရေးယူ ဆောင်ရွက်ပေးရန် ကြေညာချက်တွင် တိုက်တွန်းထားသည်။
.
ဦးထိုက်ဇော်သည် နိုဝင်ဘာလ ၂၁ ရက်၊ ညနေ ၆ နာရီခွဲခန့်က ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ရှိနေချိန် သေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ယာဘက်နို့အုံတွင် ကျည်ဖောက်ဝင် ဒဏ်ရာ ရရှိကာ ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ရခြင်း ဖြစ်ကာ ၄င်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုအဖြစ် အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင် ရရှိထားသူ ဖြစ်သည်။