မိုင်းဆတ်ခရိုင် မဲဆန္ဒရှင်စာရင်းတွင် သက်သေခံ အထောက်အထားမဲ့သူများ ထည့်သွင်းထားသည်ဟု ဆိုကာ စိစစ်ပေးရန် SNLD က တင်ပြထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်ခရိုင် မဲဆန္ဒရှင်စာရင်းတွင် သက်သေခံ အထောက်အထားမဲ့သူများ ထည့်သွင်းထားသည်ဟု ဆိုကာ စိစစ်ပေးရန် SNLD က တင်ပြထား

စိုင်းသိင်္ခသူ

.

မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်အတွင်းရှိ မဲဆန္ဒနယ် အချို့၏ မဲဆန္ဒရှင်စာရင်းများတွင် သက်သေခံ အထောက်အထားမဲ့သူများအား ထည့်သွင်းထားသည်ကို တွေ့ရှိရသဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပြန်လည် စိစစ် ဆောင်ရွက်ပေးရန် SNLD ပါတီမှ နိုဝင်ဘာ ၂ ရက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ စာဖြင့် တင်ပြထားကြောင်း သိရသည်။

.

မဲဆန္ဒရှင် စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ ယာယီသက်သေခံ လက်မှတ် စသည့် သက်သေခံလက်မှတ် တစ်ခုခု ကိုင်ဆောင်ထားခြင်း မရှိဘဲ ဦးရေပမာဏ များပြားစွာ ထည့်သွင်း ဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် တင်ပြရခြင်း ဖြစ်ကြောင်း သိရသည်။

.


 

ခုမှ ပြောရတာက ကော်မရှင်ဆီကို ၂၄ ရက်နေ့မှာ မဲစာရင်း တောင်းတယ် အပြည့်အစုံ မရဘူး၊၂၆ ရက်မှာလည်း ရှေ့ပိုင်း စာရင်းတွေ CD မှာ မပါလို့ ဖုန်းနဲ့ ယူတဲ့ ၃၀ ရက်မှ အပြည့်အစုံ ရလို့ စစ်ကြည့်တော့ မှတ်ပုံတင် မရှိသူတွေက သောင်းချီ ရှိတာတွေ့တာ ပြီးတော့ အဖေ၊ အမေ အမည် မပါတဲ့ တရုတ်အမည်နဲ့လည်း အများကြီး တွေ့တယ်၊ ဒီလိုတွေ့တော့ မဲပေးခွင့် မရှိသူတွေ မဲပေးခဲ့မယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူးလို့ ယူဆယ်၊ ပြီးတော့ အဲဒီ နေရာတွေကို စည်းရုံးရေး ဆင်းဖို့လည်း အရမ်းခက်ခဲတယ်၊ ဥပဒေ မသက်ရောက်တဲ့ နေရာဖြစ်တော့ ဒီလို တစ်ပြေးညီ ဥပဒေ မသက်ရောက်တဲ့ နေရာက မဲရလဒ်တွေဟာ ခိုင်လုံမဲတွေ မဖြစ်နိုင်ဘူး၊ ဒါကြောင့် အခုတင်မကဘူး မဲရလဒ်တွေ ထွက်လာရင်လည်း ဒီလို ခိုင်လုံမဲ မဟုတ်တာတွေ ပါလာမယ်ဆိုရင် ဌာနချုပ်ကို တင်ပြ သွားဖို့ ရှိမယ်၊၊ လာမယ့် ၂၀၂၅ မှာ နိုင်ငံတော်ရဲ့တည်ဆဲဥပဒေ တစ်ပြေးညီ သက်ရောက်တဲ့ အနေနဲ့ ယှဉ်ပြိုင်ခွင့် ရချင်ပါတယ်။” ဟု မိုင်းတုံမြိုနယ် မဲဆန္ဒနယ်အမှတ်(၁) ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဝင်းမြတ်ဦးက ပြောသည်။

.

အဆိုပါ တင်ပြစာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အနေဖြင့် မဲစာရင်းများ ပြုစုရာ၌ မည်သည့် လူဦးရေစာရင်းအား အခြေခံ ပြုစုထားသည်ကို သိရှိရခြင်း မရှိသည့်အပြင် ဖွဲ့စည်းပုံအ ခြေခံဥပဒေအရ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ဖြစ်ကြောင်း သက်သေခံ အထောက်အထား တစ်ခုခု မရှိဘဲ မဲဆန္ဒရှင် စာရင်းတွင် ထည့်သွင်းပေးခြင်းသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မည် မဟုတ်ကြောင်း ထင်ရှားလျက် ရှိကာ ယင်း မဲဆန္ဒရှင်စာရင်း ပါသူများသည် လက်နက်ကိုင်တပ်ဖွဲ့ တစ်ခု၏ နယ်မြေအတွင်း တည်ရှိကာ ယင်းဒေသအတွင်း အမှန်တစ်ကယ် နေထိုင်သူ ဟုတ်/မဟုတ် ၊ သက်ရှိ ထင်ရှား ရှိ / မရှိကိုလည်း စိစစ်နိုင်သည့် အခြေအနေ မရှိဟု ဖော်ပြထားသည်။

.

မိုင်းဆတ်မြို့နယ်ရှိ မဲရုံ ၁၀ ရုံမှ မဲဆန္ဒရှင်စာရင်းတွင် မှတ်ပုံတင်/သက်သေခံကတ်ပြား မရှိသူ စုစုပေါင်း ၁၂၈၄၄ ဦးနှင့် မိုင်းတုံမြို့နယ်ရှိ မဲရုံ ၁၄ ရုံမှ  မဲဆန္ဒရှင်စာရင်းတွင် မှတ်ပုံတင်/သက်သေခံကတ်ပြား မရှိသူ စုစုပေါင်း ၁၆၃၉၇ ဦးရှိကြောင်း ယင်းတင်ပြစာပါ အချက်အလက်များတွင် ဖော်ပြထားသည်။

.

Journal Download

Photo of three cats