တောင်ကြီးမြို့ပေါ်တွင် လူဦးရေ ၁၀၀၀ ခန့်အတွက် Quarantine Center များ ထပ်မံပြင်ဆင်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 21, 2020

တောင်ကြီးမြို့ပေါ်တွင် လူဦးရေ ၁၀၀၀ ခန့်အတွက် Quarantine Center များ ထပ်မံပြင်ဆင်ထား

စုလှိုင်

.

တောင်ကြီးမြို့နယ်အတွင်းသို့ ပြည်တွင်း/ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများနှင့် လက်ရှိ မြို့နယ်တွင်းမှ ပိုးတွေ့ လူနာနှင့် ထိတွေ့မှုရှိသူများအား Facilities Quarantine ထားရှိ စောင့်ကြည့်လျက်ရှိရာ တောင်ကြီးမြို့ပေါ်ရှိ စင်တာ ၂ ခုတွင် လူဦးရေ ပြည့်နေပြီဖြစ်သော်လည်း လူဦးရေ ၁၀၀၀ စာအတွက် Quarantine Center များ ထပ်မံပြင်ဆင် ထားရှိထားသည်ဟု တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

.

ဓါတ်ပုံ - တောင်ကြီးမြို့၊ အထက (၈) Facilities Quarantine Center အား မြင်တွေ့ရစဉ်

.

“အထက (၈) နဲ့ အထက (၂) စင်တာ ၂ ခုတော့ ပြည့်သွားပါပြီ။ နောက်ထပ် ၁၀၀ ကျော်လောက်တော့ ထပ်ထားလို့ ရဦးမယ်။ အသစ်အနေနဲ့ ကမ္ဘောဇသာသနာ့ဗိမ္မာန် ၅ ထပ်ဆောင်ရှိတယ်။ သစ်တောရပ်ကွက်ထဲက အလကကျောင်း တစ်ကျောင်း၊ အထက (၃)၊ ရှမ်းရိုးမဘော်ဒါဆောင် တို့လို နေရာတွေမှာ အရန်အဖြစ် စီစဉ်ထားပါတယ်။ နောက်ထပ် စင်တာ ၅ ခု၊ လူဦးရေ ၁၀၀၀ လောက်ကို ပြင်ဆင်ပြီးသား ဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။

.

လက်ရှိ တောင်ကြီးမြို့ပေါ်တွင် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများ၊ ပိုးတွေ့လူနာနှင့် ထိတွေ့ ဆက်စပ်သူများကို Quarantine Center ၁၀ ခု ဖွင့်လှစ်၍ အသွားအလာကန့်သတ်စောင့်ကြည့်နေခြင်းဖြစ်ပြီး ယင်း စင်တာ ၁၀ ခု အပြင် အရန်စင်တာ ၅ ခု ထပ်မံပြင်ဆင်ထားရှိထားခြင်းဖြစ်သည်ဟု ၎င်းထံက သိရသည်။

.

ထို့အတူ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုကလည်း “လူတွေ ပြည့်နေပြီဆိုတာ မဟုတ်ပါဘူး။ ဆက်ထားဖို့တော့ ရှိပါသေးတယ်။ စင်တာအသစ်တွေ ထပ်ရှာဖို့လည်း မြို့နယ်တွေကို ပြောထားပါတယ်” ဟု ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့ပေါ်တွင် လက်ရှိ နိုဝင်ဘာလ ၂၁ ရက်အထိ ပြည်ပပြန် ၃၀၀ ဦးခန့်၊ ပြည်တွင်းပြန် ၂၈၀ ဦးခန့်နှင့် ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူမျာကို အသွားအလာ ကန့်သတ်စောင့်ကြည့်နေခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About