မင်းဇော်မင်း
.
ညောင်ရွှေမြို့နယ်တွင် အများပြည်သူလုံခြုံရေးအတွက်
CCTV ကင်မရာများ တပ်ဆင်ပြီး ယနေ့ နိုဝင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းက
ညောင်ရွှေမြို့မရဲစခန်းသို့ အပ်နှံခဲ့သည်ဟု သိရသည်။
.
.
အဆိုပါ CCTV ကင်မရာ အပ်နှံပွဲ
အခမ်းအနားတွင် ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး
ဦးထင်အောင်နိုင်က ညောင်ရွှေမြို့မရဲစခန်းသို့ အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“အများပြည်သူလုံခြုံရေးအတွက်သာမက နိုင်ငံခြားနဲ့
ပြည်တွင်း ခရီးသွားတွေ အတွက်ပါ ရည်ရွယ်ပါတယ်။ ရဲစခန်းက ၂၄ နာရီလုံး
တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ညောင်ရွှေမြို့မရဲစခန်းမှူး ဒုရဲမှူး သောင်းထွေးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အစိုးရ၏ စီမံမှုဖြင့်
ရှမ်းပြည်နယ်ခရီးသွားမြှင့်တင်ရေး ရန်ပုံငွေမှ ၅ ရာခိုင်နှုန်း ထုတ်ယူသုံးစွဲငွေ
ကျပ်သိန်း ၆၄၀ ဖြင့် CCTV ၆၄ လုံး အား ညောင်ရွှေမြို့၏
လမ်းဆုံ၊ မြို့ထိပ် စသည့်အဓိကနေရာ ၁၇ နေရာတွင်တပ်ဆင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
.
ယင်း CCTV ကင်မရာများကို
ပြည်လုံးကျော်ကုမ္ပဏီက တာဝန်ယူတပ်ဆင်ခဲ့ခြင်းဖြစ်ပြီး လွှဲပြောင်းပွဲအခမ်းအနားသို့
ဌာနဆိုင်ရာနှင့်ကုမ္ပဏီတာဝန်ရှိသူ ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
.