ခွန်အောင်(နောင်တရား)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မွေးပြင်ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာ ၉ ရွာရှိ ကျေးလက်နေ အခြေခံလူတန်းစားပြည်သူများသို့ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို နောင်တရားမြို့ ပရဟိတလူငယ်အဖွဲ့က အလှူရှင်များ ကိုယ်စား နိုဝင်ဘာလ ၁၈ ရက်တွင် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
“မွေးပြင် ဒေသဟာ ဝေးလံ ခေါင်ပါးပြီး လူမှုဘဝ နိမ့်ကျနေသေးတဲ့ ဒေသလည်းဖြစ်တယ်။ COVID-19 ကာလလည်း ဖြစ်တဲ့အတွက် စားသောက်ကုန်တွေ၊ လူသုံးကုန်တွေကို လာရောက်လှူဒါန်း ပေးတာ ဖြစ်ပါတယ်။ သက်ကြီးဘိုးဘွားတွေအတွက် အာဟာရဖြည့် အစားအစာတွေကို လှူဒါန်းပေးပါတယ်။ ဆက်ပြီး လှူဒါန်းပေးဖို့ ရှိပါသေးတယ်။ ဘယ်သူမဆို ကျွန်တော်တို့ အလှူရှင်နဲ့ ပူးပေါင်းပြီး လှူဒါန်းနိုင်ပါတယ်။ လှူဒါန်းပေးဖို့လည်း ဖိတ်ခေါ်ပါတယ်။” ဟု အလှူရှင်များ ကိုယ်စား သွားရောက် လှူဒါန်းပေးသည့် နောင်တရားမြို့မှ ခွန်ဂျစ်တူးက ပြောသည်။
.
မွေးပြင်ဒေသသည် ဖွံ့ဖြိုးမှုနောက်ကျသော ဒေသတစ်ခု ဖြစ်ပြီး ဒေသထွက်ကုန် အတွက် ကုန်ထုတ်လမ်းများ အဆင့်ဆင့် လုပ်ဆောင်ထားသော်လည်း အချို့လမ်းပိုင်းများတွင် လိုအပ်ချက်များ ရှိနေသေးသည့် အတွက် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေဆဲ ဖြစ်ခြင်းကြောင့် အလှူရှင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဒေသ ဖွံ့ဖြိုးရေးအား လုပ်ဆောင်မည် ဆိုပါက ယခုထက် လူမှုဘဝ ပိုမိုဖွံ့ဖြိုးလာမည်ကို မျှော်လင့်ကြောင်း နောင်တရားမြို့ပရဟိတလူငယ်အဖွဲ့အား ဦးဆောင်နေသူ ခွန်ဆန်းဦးထံမှ သိရသည်။
.
“ အခုလို လာရောက် လှူဒါန်းပေးတဲ့အတွက် အရမ်း ပျော်ရွှင်ရပါတယ်၊ အရေးတကြီး လိုနေတာကတော့ နွေမိုးဆောင်း သွားလာနိုင်ဖို့ လမ်းရယ်၊ ရေသွယ်ဖို့ ပိုက်တွေရယ်ပေါ့ ရွာမှာ လိုအပ်တဲ့ အရာတွေက အများကြီးပါပဲ။” ဟု မွေးပြင်ကျောင်းနားကျေးရွာမှ ရွာလူကြီး ဦးရွှေက ပြောသည်။
.
အဆိုပါ ကျေးရွာများသည် မြို့နှင့် ဝေးလံခေါင်ပါးသည့် ဒေသများ ဖြစ်ပြီး ထင်းရှုးတောင်၊ ပက္ကော်လေး၊ အိုးကွဲ၊ မူးယားမြောက်၊ မူးယားတောင်၊ ညောင်ချဉ်မြောက်၊ ညောင်ချဉ်ရှေ့၊ ညောင်ချဉ်တောင်၊ မွေးပြင်ကျောင်းနား ကျေးရွာများမှ အသက် ၇၅ နှစ်နှင့်အထက် ဘိုးဘွား ၂၁ ဦး၊ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ အိမ်ခြေ ၃၀၀ ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်၊ စောင်နှင့် အခြားလူသုံးကုန်ပ စ္စည်းများကို မော်တော်ယာဉ် ၁၀ စီးဖြင့် နောင်တရားမြို့လူငယ်အဖွဲ့က အလှူရှင်များ ကိုယ်စား သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။