ကမ္ဘောဇတိုင်း
.
နောင် ၅ နှစ်အတွင်း ဒီမိုကရေစီအုတ်မြစ် ခိုင်ခိုင်မာမာ
တည်မြဲအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
.
.ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နိုဝင်ဘာလ ၅ ရက်နံနက်ပိုင်းတွင်
Chair NLD လူမှုကွန်ရက်စာမျက်နှာနှင့် NLD Facebook စာမျက်နှာများမှတစ်ဆင့် ပြည်သူများသို့ ပန်ကြားချက် ပြောကြားရာ၌ ယင်းကဲ့သို့
ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။
.
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ နိုင်ငံ့တာဝန်ကို
ဆက်ပြီးယူချင်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီး ဖြစ် ပါတယ်။ ဒီလိုဆက်လက် တာဝန်ယူတဲ့အခါမှာ
နောက် ၅ နှစ်အတွင်း ဒီမိုကရေစီအမြစ် ခိုင်ခိုင်မာမာတည်သွား အောင် ကြိုးစားရမှာဖြစ်ပါတယ်။
အဲဒီအတွက် ပြည်သူလူထုရဲ့ ပံ့ပိုးမှုဟာ အဓိကကျပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
.
ဒီမိုကရေစီစနစ်သည် ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်သော်လည်း
အများပြည်သူကို တန်ဖိုးထားသည့်စနစ် ဖြစ်သည့် အတွက် အကောင်းဆုံးဟု သတ်မှတ်ရမည်ဖြစ်ကြောင်း၊
လက်ရှိ ကြိုတင်မဲပေးသည့် ကာလတွင် ပြည်သူများ၏ နိုးကြားတက်ကြွမှုကြောင့် မည်သည့် အားနည်းချက်များ
ရှိနေသည်ကို ဆောလျင်စွာ သိရှိရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောလျင်စွာ သိရသည့်အတွက် ရွေးကောက်ပွဲကော်မရှင်မှလည်း
ပြင်ဆင်သင့်သည်များကို ပြင်ဆင်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲနေ့တွင် တတ်နိုင်သမျှ အပြစ်အနာအဆာကင်းအောင်
ဆောင်ရွက်နေသည်ဟု ယုံကြည်ပါကြောင်း၊ မဲပေးပြီးနောက်ပိုင်းတွင် မဲရလဒ် တရားဝင်ကြေညာမှုများကို
စောင့်ဆိုင်းရန် လိုအပ်ပြီး ပြိုင်ပွဲများတွင် တန်ဖိုးရှိသည့် ပြိုင်ပွဲဝင်များသည်
ရလဒ် မည်သို့ပင်ရှိစေ နေတတ်ရမည်ဖြစ်ကြောင်း၊ အနိုင်ရလျှင်လည်း ကြွားဝါခြင်း၊ လက်ခမောင်း
ခတ်ခြင်းမျိုး မပြုလုပ်သင့်ကြောင်း၊ မျှော်မှန်းသလို ရလဒ် မရရှိပါက ဒေါသဖြင့် တုံ့ပြန်ခြင်းမျိုး
မပြုသင့်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အပြည့်အဝ မရသေးသော်လည်း ပြည်သူများ
ဒီမိုကရေစီစိတ်ထား ပြည့်ဝသည်ကို ရွေးကောက်ပွဲနေ့တွင် ပြသရန်လိုကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်
အရွေးချယ်ခံ သွားမည်ဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
ကာလက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၃၅ နေရာ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၉၇ နေရာ အနိုင်ရရှိထားသည်။
.