.
“ မဲဆန္ဒရှင် ပြည်သူတွေရဲ့ ကျေးဇူးတရားအတွက် ကျွန်တော်တို့ လွှတ်တော်အသီးသီးမှာ အနိုင်ရသွားတဲ့ ကိုယ်စားလှယ်တွေ အားလုံးက အစွမ်းကုန် ဆက်လက်ပြီးတော့ ကြိုးစားသွားကြမှာ ဖြစ်ပါတယ်။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရှမ်းပြည်နယ်အောင်နိုင်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ တက်ကြွစွာ တာဝန်ကျေပွန်မှု၊ မြို့နယ်အလိုက် အောင်နိုင်ရေးအဖွဲ့များ၏ ပူးပေါင်းပါဝင် ကြိုးစားမှုကြောင့်နှင့် ပြည်သူ၏ ထောက်ခံမှုကြောင့် NLD အနေဖြင့် အနိုင် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် အောင်နိုင်ရေးအဖွဲ့ ဥက္ကဌက ရှင်းပြသည်။
.
“ ကျွန်တော်တို့ ရှမ်းပြည်နယ်ဆိုတာ တိုင်းရင်းသားပေါင်းစုံ၊ တိုင်းရင်းသားပါတီ အငယ်ရော၊ အကြီးရော အစုံ ရှိတာပေါ့။ ဒီလို အခြေအနေမှာ ဒီလောက် နိုင်တာက ရှမ်းပြည်နယ် NLD ရဲ့ အောင်မြင်မှုဟာ ကျွန်တော်တို့ ကျေနပ်ပါတယ်။ ပင်ပန်းရကျိုး နပ်ပါတယ်။”ဟု ဦးစိုးညွန့်လွင်က ဆက်လက် ပြောဆိုခဲ့သည်။
.
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ရှမ်းပြည်နယ်အတွင်း၌ ပြည်သူ့လွှတ်တော်တွင် ၁၄ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၄ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်တွင် ၂၉ နေရာ၊ တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်တွင် ၃ နေရာ၊ စုစုပေါင်း မဲဆန္ဒနယ်နေရာ ၅၀ တွင် အနိုင် ရရှိခဲ့သည်။
.
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ အနိုင် ရရှိမှုအနေဖြင့် ၃၉ နေရာသာ အနိုင်ရ၍ တတိယ နေရာကိုသာ ရရှိခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်နေရာ အများဆုံး အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment