ကျိုင်းတုံမြို့နယ်၊ နောင်ကုန်ကျေးရွာတွင် ကြိုတင်မဲများအား ခိုင်လုံမဲ မဖြစ်နိုင်သဖြင့် ကန့်ကွက်ကြောင်း NLD ကိုယ်စားလှယ်လောင်းမှ ရွေးကော်သို့ တင်ပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, November 3, 2020

ကျိုင်းတုံမြို့နယ်၊ နောင်ကုန်ကျေးရွာတွင် ကြိုတင်မဲများအား ခိုင်လုံမဲ မဖြစ်နိုင်သဖြင့် ကန့်ကွက်ကြောင်း NLD ကိုယ်စားလှယ်လောင်းမှ ရွေးကော်သို့ တင်ပြ

မင်းဇော်မင်း

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စုတွင် အသက် ၆၀ နှစ် အထက် ပေးထားသော ကြိုတင်မဲများ အားလုံးမှာ ခိုင်လုံမဲ မဖြစ်နိုင်သဖြင့် ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က အောက်တိုဘာလ ၃၁ ရက်စွဲဖြင့် နိုဝင်ဘာလ ၂ ရက်၊ ညနေပိုင်းတွင် ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ တင်ပြထားကြောင်း သိရသည်။

.



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရုံကိုယ်စားလှယ် ဦးမာတင်၏ သတင်းပေးပို့ချက်အရ နောင်ကုန်ကျေးရွာအုပ်စု ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ဝင် တစ်ဦးတို့က ကြိုတင်မဲ လာပေးသူများ၏ မဲလက်မှတ်ကို ကိုယ်တိုင် ထုတ်ယူပြီး ဆန္ဒပြုခန်းတွင် ကိုယ်တိုင် UEC တံဆိပ်တုံးကို မဲလက်မှတ်တွင် ရိုက်နှိပ်၍ သက်ဆိုင်ရာ စာအိတ်များအတွင်းသို့ ထည့်သွင်းနေသည်ကို တွေ့ရကြောင်း၊ ထို့သို့ ပြုလုပ်ခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် တရားမဲ့ပြုကျင့်မှု ပုဒ်မ-၅၈(ဇ) နှင့် ငြိစွန်းကြောင်း သိရှိရသည့်အတွက် ထိုမဲများသည် မည်သည့်နည်းနှင့်မျှ တရားမျှတသော ခိုင်လုံမဲများ မဖြစ်နိုင်သဖြင့် ယင်းမဲရုံတွင် ပေးထားသော အသက် ၆၀ နှစ်နှင့် အထက် ကြိုတင်မဲများ အားလုံးကို ကန့်ကွက်ကြောင်း ကျိုင်းတုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သီဟက လက်မှတ်ရေးထိုး ပေးပို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“ စာက မြို့နယ်ကို (လိပ်မူ) တပ် ထားပါတယ်၊ မြို့နယ်က ဖြေရှင်းနေတယ်လို့ သိရပါတယ်။” ဟု ကျိုင်းတုံခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးစိုင်းရီက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယင်းအခြေအနေနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဆုမွန်ကျော်ထံသို့ ဆက်သွယ်မေးမြန်းရာတွင် “မြို့နယ် ကော်မရှင်အဖွဲ့ခွဲအနေနဲ့ ကနဦးအဆင့် မြေပြင်အခြေအေန မေးတာလေးတွေ လုပ်နေပါတယ်။ တရားဝင်စာနဲ့ဆိုတော့ တရားဝင် ဖြေရှင်းပေးဖို့ အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက အစည်းအဝေး ထိုင်ပြီးတော့ သက်ဆိုင်ရာ ရပ်/ကျေးကို ခေါ်ပြီးတော့ မေးမြန်းတာကို လုပ်ထားပါတယ်။” ဟု ပြောသည်။

.

ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်း ဒေါက်တာ စိုင်းရွက်ဟွမ်မှ ယင်းကိစ္စသည် မဖြစ်သင့်သည့်ကိစ္စများ လုပ်ဆောင်သည် ဖြစ်၍ မဲဆန္ဒရှင်များနှင့် ကိုယ်စားလှယ်လောင်းများ နစ်နာနိုင်သော်လည်း ယင်းကိစ္စမျိုးကို လုံးဝ လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။

.

“ ဒါက မြင်တာ တစ်ခုပဲ ရှိသေးတယ်၊ မမြင်နိုင်တာတွေလည်း ရှိနိုင်သေးတယ်၊ ဒါမျိုးတွေက လွတ်လပ်ပြီး တရားမျှတမှု ဖြစ်ပေါ်ဖို့ ရွေးချယ်ထားတဲ့ တာဝန်ရှိသူတွေ ကိုယ်တိုင်က ချိုးဖောက်ပြီး မသမာမှု ပြုလုပ်တာ ဖြစ်တဲ့အတွက် လုံးဝ လက်ခံလို့မရပါဘူး၊ ဘယ်လို ဖြေရှင်းနေတယ်ဆိုတာလဲ မသိရသေးပါဘူး။” ဟု ဒေါက်တာ စိုင်းရွက်ဟွမ်က ပြောသည်။

.

ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၃၆ ခု တည်ရှိ၍ မဲရုံပေါင်း ၁၂၀ ခု ရှိမည် ဖြစ်ပြီး ဆန္ဒမဲ ပေးခွင့်ရှိသူ စုစုပေါင်း ၁၂၀၀၀၀ ကျော် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About