.
မိုင်းဖြတ်မြို့တွင် ရွေးကောက်ပွဲကာလအတွင်း ခြိမ်းခြောက် မဲထည့်ခိုင်းမှု အပါအဝင် ငွေပေး စည်းရုံးမှု စသည့် အချက် ၁၅ ချက်ပါ တိုင်ကြားစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ခဲ့သည့်အပြင် ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း NLD ပါတီမှ မိုင်းဖြတ်မြို့နယ် ဥက္ကဌ ဦးအက်စ်မာဂမ်ထံမှ သိရသည်။
.
ထို့အတူ ယင်းကိစ္စနှင့် ပတ်သက်၍ မိုင်းဖြတ်မြို့မရဲစခန်းတွင် ပုံစံ ၁၆၊ ပုံစံ ၁၉ ပြင်ဆင်ခြင်း၊ မှားယွင်းရေးသွင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးကို ဥပဒေအရ အရေးယူပေးရန် တိုင်ကြားထားကြောင်းလည်း သိရသည်။
.
“ ဒီနေ့(နိုဝင်ဘာ ၂၄ )ပဲ ရဲစခန်းက ခေါ်ပြီး အထောက်အထားတွေ ရှိလား မေးတယ်၊ အထောက်အထားတွေ အကုန်လုံး ပြလိုက်ပြီ၊ ပို့လိုက်ပြီ။ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ကိုယ်တိုင်က ပုံစံ ၁၆ ကို ဖျက်ဆေးနဲ့ ဖျက်ပြီးတော့ ပုံစံ ၁၉ မှာ ဖျက်ထားတာတွေကို အထောက်အထားနဲ့ ပြလိုက်ပြီ။ ပြီးတော့ အချက် ၁၅ ချက်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မနေ့ကပဲ ပို့လိုက်ပါပြီ။ လိုက်ပါမယ့်ရှေ့နေနဲ့ တိုင်ပင်ပြီး ထပ်မံ ဖြည့်စွက်ရမယ့် အချက်တွေကို ၄၅ ရက်အတွင်း ရွေးကောက်ပွဲ နည်းဥပဒေအတိုင်း ဘဏ် ငွေသွင်းပြီး ကန့်ကွက်မှာပါ။ ရဲစခန်း (ပ)၃၉/၂၀၂၀၊ ရွေးကောက်ပွဲ ဥပဒေ ၅၉(ခ) ဖြစ်ပါတယ်။” ဟု ဦးအက်စ်မာဂမ်က ပြောသည်။
.
ထို့အတူ မိုင်းဖြတ်မြို့နယ် NLD ပြန်ကြားရေးမှ ဦးမောင်မောင်စိန်ကလည်း “ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ အရ ၊ ပုံစံ ၁၆ ၊ ၁၉ တွေ ဖျက်ထား။ ပြင်ထားတဲ့ သက်သေခံ ၇ ခုနဲ့ ဒီနေ့(နိုဝင်ဘာ ၂၄ ရက်)မှာ ရဲစခန်းမှာ အမှုဖွင့်ပါတယ်။ လိုက်ပါပေးမယ့်ရှေ့နေနဲ့ အချက်အလက်တွေကို တရားရုံးမှာ ရင်ဆိုင်ဖို့ လုပ်ဆောင်နေပါတယ။” ဟု ပြောသည်။
.
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) သို့ ပေးပို့သည့် တိုင်ကြားစာတွင် ဆိုင်းလေကျေးရွာ ကြိုတင်မဲ ကောက်ခံရာတွင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးကိုနောင်က တံဆိပ်တုံး အတုဖြင့် ရိုက်နှိပ်ပေးခဲ့ကြောင်း၊ နားမွန်မဲရုံ (တပ်)တွင်း ရပ်ကျေးကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ကြံ့ခိုင်ရေးပါတီဝင် ဦးအားတီက ဆန္ဒပြုခန်း အတွင်းသို့ ဝင်ရောက် ထုနှိပ်ပေးခဲ့ကြောင်း၊ နားမွန်မဲရုံ(တပ်) မဲဆန္ဒရှင်များ မဲပေးရာတွင် မည်သည့်သင်္ကေတမျှ ကပ်ထားခြင်း မရှိသည့် မဲပုံးအဖြူကို အသုံးပြုခြင်း၊ ဘာသာရေးခေါင်းဆောင် ဦးကျကူအား မြို့နယ်ကြံ့ခိုင်ရေးရုံးတွင် ခေါ်ယူပြီး အောက်တိုဘာ ၂ ရက်နေ့တွင် ငွေထုတ်ပေး စည်းရုံးခိုင်းခြင်းများ ပြုလုပ်ခဲ့ခြင်း၊ အောက်တိုဘာ ၃ ရက်နေ့ ငါးဟေကျေးရွာ ရွာသူကြီးအိမ်တွင် ကောက်သစ်စားပွဲအတွင်း ရောက်ရှိလာသော ရပ်ရွာလူထုများနှင့် တွေ့ဆုံ၍ ဘာသာရေးဆရာ တိုဘိုခေါ် ဦးကျကူမှ ကြံ့ခိုင်ရေး ရင်ထိုး တံဆိပ်တပ်ကာ စည်းရုံးခဲ့ကြောင်း၊ အောက်တိုဘာ ၄ ရက်တွင် ဘာသာရေးခေါင်းဆောင် ဦးကျကူနှင့် မိုင်းဖြတ်မြို့နယ် ကြံ့ခိုင်ရေးပါတီ အလုပ်အမှုဆောင် ၂ ဦး ရောက်ရှိလာခဲ့ပြီး ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖရန်စစ္စကိုက အုပ်ချုပ်ရေးမှူး ဦးကျားယော်အိမ် အပေါ်ထပ်တွင် ကောက်သစ်စားပွဲသို့ ရောက်ရှိလာသည့် ရွာသူကြီး အသီးသီးကို တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ စီ ပေးဝေ စည်းရုံးခဲ့ကြောင်း စသည်ဖြင့် ဖော်ပြ ပါရှိသည်ဟု ဦးအက်စ်မာဂမ်၏ ပြောဆိုချက်အရ သိရသည်။
.
ထို့အပြင် နမ့်ပန်အုပ်စု အမှတ်(၃) ပူပလောင်းမဲရုံတွင် မဲထည့်ကြမည့် ပြည်သူများကို နမ့်ယန်းလုံ ၁ ရွာသူကြီး ဦးကျကူက “ ကြံ့ခိုင်ရေးကို မဲ ထည့်ရမည်၊ NLD ကို မဲထည့်လို့ NLD နိုင်သွားရင် အဖွားကြီး ရှိတဲ့နေရာ သွားနေ၊ ဒီမှာ မနေနဲ့။” ဟု ခြိမ်းခြောက်မှုကို ကြောက်လန့်ကာ ကြံ့ခိုင်ရေးကို မဲ ထည့်ခဲ့ရကြောင်း၊ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့တွင် ပူပါလောင်းမဲရုံ အမှတ်(၃) သို့ ပြည်သူ့စစ်စခန်းမှူး ဦးတင်ကို ဦးဆောင်ကာ ကား ၄ စီးနှင့်အတူ ပြည်သူ့စစ် အဖွဲ့သားများ လက်နက်ကိုယ်စီနှင့် ရောက်ရှိလာပြီး လက်နက်များကို မိုင်းဝီးရွာနေ ဦးယာထူအိမ်တွင် စုထားခဲ့ပြီးကား ၃ စီးဖြင့် ဟားပီပါရွာ၊ မိုင်းဝီးစေတီရွာ၊ နားဖက်ရွာ၊ နမ့်ယန်းလုံ ၁/၂ မှ ရပ်ရွာလူထုများကို စခန်းမှူး ဖြစ်သူ ဦးတင်ကို ဦးဆောင်၍ ကား ၃စီးဖြင့် အခေါက်ရေ ၁၀ ခေါက် ကြိုပို့ခဲ့ကြောင်း၊ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး ဦးယားဖူက ပါခွန်သို့ အီဒန် ကားတစ်စီးဖြင့် သွားရောက် ခေါ်ဆောင်ပြီး လာရောက်ထည့်စေကြောင်း၊ နိုဝင်ဘာ ၈ ရက် မဲများ ရေတွက်ချိန် ဟိုနားမဲရုံနှင့် နားမွန်မဲရုံအား တံခါး အလုံပိတ်၍ မဲရေတွက် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ နားမွန်မဲရုံတွင် ကြိုတင်မဲပေးသော ကာလတွင် ရပ်ကျေးစာရေး အချိန်ပြည့် မရှိခြင်း၊ တောညုမဲရုံတွင် နိုဝင်ဘာလ ၈ ရက်နေ့ မဲရုံမှူးက တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲများအား မပေးဘဲ မဲရုံမှူးလက်မှတ် မပါသော မဲလက်မှတ် ၁၁ စောင်အား ထုတ်ပေးခြင်း၊ ၎င်းမဲများအား ပယ်မဲအဖြစ် သတ်မှတ်ခဲ့ခြင်း၊ နိုဝင်ဘာ ၈ ရက်နေ့ ဟိုနားမဲရုံ ဖွင့်ချိန် ကြိုတင်မဲ ၆ နာရီ ၃၂ မိနစ်ကျော်မှ ရောက်ရှိလာပြီး မူလ ၂၃၄ မဲမှ ၂၇၄ မဲ ရှိလာပြီး ကြိုတင်မဲ ၄၀ တိုးလာခြင်း၊ နားမွန်း၊ ဝမ်မိုင်၊ ဟိုနား၊ တပ်မဲ စာရင်းများအား ပြန်လည် စိစစ်ပေးရန် ကြိုတင်မဲပေးသူနှင့် မဲစာရင်းများ တိကျ မှန်ကန်မှု မရှိခြင်း၊ နမ့်ကုန်းမဲရုံသည် ကျားဖြူ၊ ကျားခေါင်း၊ ရပ်ကျေးရုံးနှင့် ရပ်ကျေးမဲရုံသည် ကိုက် ၁၀၀ အတွင်း တည်ရှိခြင်းသည် လာရောက် မဲပေးသည့် ပြည်သူများအား မဲကွဲပြားစေကြောင်းလည်း စာတွင် ပါရှိကြောင်း ဦးအက်စ်မာဂမ်၏ ပြောသည်။
.
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့စစ်အဖွဲ့ထံသို့ ဆက်သွယ်ရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရခဲ့ဘဲ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးထံသို့ ဆက်သွယ် မေးမြန်းရာတွင်မူ လောလောဆယ် ပြောဆိုရန် မရှိသေးကြောင်းသာ ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ အပါအဝင် နိုင်ငံရေးပါတီ ၇ ခုမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြပြီး မဲဆန္ဒနယ် အားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းများက အနိုင် ရရှိခဲ့သည်။