NLD နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ အကြောင်း ပြန်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

NLD နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ အကြောင်း ပြန်ကြား

ကိုစိုး (ကမ္ဘောဇတိုင်း)

.

ပြည်ထောင်စုအကျိုး၊ ပြည်နယ်အကျိုး၊ ဒေသအကျိုး၊ တိုင်းရင်းသားလူမျိုးစုများ၏ အကျိုးအတွက် NLD နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) က နိုဝင်ဘာလ ၁၇ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌထံ အကြောင်းပြန်ကြားစာ ပေးပို့ခဲ့သည်ဟု သိရသည်။

.

Photo - PNO
.

အဆိုပါ အကြောင်းကြားစာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) သည် မြန်မာတစ်နိုင်ငံလုံး အပြတ်အသတ် အနိုင်ရရှိခဲ့သည်ကို PNO အနေဖြင့် ဝမ်းမြောက် ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မည်သည့်အခြေအနေသို့ရောက်သည်ဖြစ်စေ နောင်အနာဂတ်၌ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွား မည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည့် အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့် ဝမ်းသာဂုဏ်ယူပါကြောင်း၊ ထို့အပြင် တိုင်းရင်းသားလူမျိုးစုများ လိုလား လျက်ရှိသော ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှမှု အခွင့်အရေးများကိုလည်း ဖော်ဆောင်သွားမည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း ဖော်ပြပါရှိသည်။

.

“ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဘယ်အစိုးရတက်တက် ကျွန်တော်တို့ အစိုးရပါ ဆိုတဲ့မူ ရှိပြီးသားပါ။ အဲဒီမူအတိုင်း ကျင့်သုံးတာပါ။ တိုင်းပြည်အတွက် အကျိုးရှိမယ်၊ ပြည်နယ်အတွက် အကျိုးရှိမယ်၊ ကျွန်တော်တို့ ဒေသအတွက် အကျိုးရှိမယ်ဆိုရင် ပူးပေါင်းမှာပါ” ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ စောခွန်ကျော်ဝင်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေး ကိစ္စနှင့် ပတ်သက်၍ တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ခုထံသို့ နိုဝင်ဘာလ ၁၁ ရက်က အကြောင်းကြားစာ ပေးပို့ခဲ့ရာ ယင်းအကြောင်းကြားစာအပေါ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ယခုကဲ့သို့ အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်။

.

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ နေရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ နေရာနှင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ နေရာ အနိုင်ရရှိထားသည်။

.

Journal Download

Photo of three cats