စိုင်းသိင်္ခသူ
.
မိုင်းဆတ်မြို့နယ်၊ “ဝ” အထူးဒေသအတွင်း တည်ဆောက်မည့် မဲရုံများအတွက်
ကျန်းမာရေးအထောက်အကူ ပြုပစ္စည်းများ သွားရောက်ပို့ဆောင်သည့် မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့အား
နိုဝင်ဘာလ ၂ ရက်၊ နံနက်ပိုင်းက “ဝ” ဒေသဂိတ်မှ ဝင်ခွင့်မပြုဘဲ ၁ နာရီကျော် စောင့်ဆိုင်းခဲ့ရသဖြင့်
လှည့်ပြန်ခဲ့သည်ဟု သိရသည်။
.
ယင်းသို့ သွားရောက်ရန်အတွက် အထူးဒေသ ဆက်ဆံရေးရုံးသို့ အကြောင်းကြားပြီးမှ
သွားရောက်ခဲ့ခြင်း ဖြစ်ကာ နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲကျော်အထိ စောင့်ဆိုင်းခဲ့သော်လည်း
ဝင်ခွင့်မရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
“ဝင်ခွင့်မရဘူးတော့ မဟုတ်ဘူး။ တစ်နာရီလောက် စောင့်ရလို့ ပြန်လှည့်လာတာ။
ဂိတ်မှာ တစ်နာရီ ကြာသွားတယ်။ နောက်ပိုင်း ခွင့်ရပြီလို့ သူတို့ ဖုန်းနဲ့ပြောပေမဲ့ မသွားတော့ဘူး။
အဲဒီမှာ မဲရုံအသစ်တွေ ဆောက်ဖို့ ရှိတယ်။ PPE ဝတ်စုံတို့ လိုအပ်တာတွေ
သွားပို့တာပါ။ ဒီနေ့တော့ မသွားတော့ဘူး။ တခြားအလုပ်ကိစ္စတွေ လည်း ရှိသေးတယ်။ နောက်ရက်မှ
လူကြုံနဲ့ပဲ ပို့ခိုင်းတော့မယ်။ ဒီနေ့ပဲ အကြောင်းကြားလိုက်တော့ သူတို့ လူကြီးတွေလည်း
အဆင်သင့်မဖြစ်ဘူးထင်ပါတယ်။ ကျန်တဲ့သူတွေကတော့ ၂ နာရီလောက် စောင့်ရတယ် ပြောတယ်။ စည်းရုံးရေးဆင်းတာတွေလည်း
တစ်ရက်ကြိုတင် အကြောင်းကြားရတယ်။ ဝင်ခွင့်မရတာတော့ မရှိပါဘူး။ အခုကိစ္စကို ခရိုင်ကိုတော့
တင်ပြရမယ်” ဟု မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အတူ မဲရုံတာဝန်ကျ ဝန်ထမ်း
တစ်ဦး နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ လေ့လာရေးလိုက်ပါသည့်
ကိုယ်စားလှယ်လောင်း စိုင်းကျော်အောင်တို့ ကား ၂ စီးဖြင့် သွားရောက်ခြင်း ဖြစ်ကြောင်းသိရသည်။
.
“တာဝန်ရှိအုပ်ချုပ်ရေးမှူးတောင် ဝင်ဖို့ခက်ခဲတာ ပါတီတွေ
မဲဆွယ်ဖို့ကတော့ အတော်မလွယ်ကူပါဘူး။ လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့်
မရတဲ့အနေအထားဖြစ်ပါတယ်” ဟု မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်
ဝင်ရောက်ယှဉ်ပြိုင်မည့် စိုင်းကျော်အောင်က ၎င်း၏ အတွေ့အကြုံကို ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ “ဝ” အထူးဒေသ ဆက်ဆံရေးအဖွဲ့မှ
ဦးစံပိန်းက “အခုလို ကြန့်ကြာသွားတာ စိတ်မကောင်းဘူး။ အားနာတယ်။ အုပ်ချုပ်ရေးမှူးကိုလည်း
တောင်းပန်ပါတယ်။ သူကလည်း ကပ်ပြီး အကြောင်းကြားတာဆိုတော့ ဒီမှာက လူကြီးကို အကြောင်းကြားရ၊
ဂိတ်ကို အကြောင်းကြားရတာ အချိန် ယူရတော့ အခုလို လစ်ဟာမှုဖြစ်သွားတာပါ” ဟု ပြောသည်။
.
နိုင်ငံရေးပါတီများ စည်းရုံးရေးဆင်းခွင့်ကိုမူ
တစ်ရက်ခန့်ကြိုတင်အကြောင်းကြားရန် လိုအပ်ပြီး COVID-19 ကာလဖြစ်သည့်အတွက်
ရွာများသို့ဝင်ရောက်ခွင့်မပြုဘဲ လမ်းမပေါ်တွင်သာ စည်းရုံးနိုင်ကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါ
မိုင်းဆတ်မြို့နယ်၊ “ဝ” အထူးဒေသ မဲဆန္ဒနယ်မြေအမှတ်(၁)အတွင်း မဲရုံ ၇ ရုံ ရှိပြီး
မိုင်းဆတ် တစ်မြို့နယ်လုံးအနေဖြင့် မဲဆန္ဒရှင် ၅၉၇၀၃ ဦး ရှိကြောင်း သိရသည်။
.