စုလှိုင်
.
မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းကျေးရွာအုပ်စု၊
ပိန်းခမ်းကျေးရွာတွင် COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ ညွန်ကြားချက်နှင့် မကိုက်ညီဘဲ လူစုလူဝေးဖြင့် လောင်းကစား
ပြုလုပ်မှုများ ရှိနေသည်ဟု ဟု ဒေသခံများထံက သိရသည်။
.
“ဒေသခံအာဏာပိုင်တွေက အဲဒီလောင်းကစားဝိုင်းတွေကို
လုပ်ပေးပြီးတော့ တစ်ခုံကို ဘတ် ၁၂၀၀၀ လောက် ကောက်ယူနေတယ်။ သူတို့
ထုတ်ပြန်ကြေညာထားတဲ့ဟာကို သူတို့ကပဲ ပြုလုပ်ပေးပြီး လုပ်စားတယ်။ အဲဒီ ပွဲထဲမှာလည်း
ရိုက်နှက်တာတွေရှိတယ်။ ခေါင်းကွဲတာတို့၊ သွေးလွန်တာတို့ ရှိတယ်။ အခုကလည်း
ပွဲရှိနေဆဲပဲ။ COVID-19 ကာလမှာ လူစုလူဝေးလုပ်တယ်”
ဟု မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းကျေးရွာနေ ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
COVID-19 ရောဂါ ကူးစက်မှု မရှိစေရေးအတွက်
လူစုလူဝေး မပြုလုပ်ရန်၊ တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာတွင် နေထိုင်ရန်၊ လက်ကို မကြာခဏ ဆေးရန်၊
အပြင်သွားတိုင်း Mask တပ်ဆင်ရန်၊ လူ ၃၀ ထက် ပို၍ မစုဝေးရန် တို့ကို
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော်လည်း လိုက်နာမှုမရှိဘဲ ယခုကဲ့သို့
လူစုလူဝေးဖြင့် လောင်းကစားဝိုင်းများ ဖွင့်လှစ်ခွင့်ပြုနေခြင်းဖြစ်ကြောင်း ၎င်းထံက
သိရသည်။
.
“ညွန်ကြားချက်
ထုတ်တာကတစ်မျိုး၊ အခု ဖြစ်နေတာက တစ်မျိုးပါ။ လောင်းကစားမရှိတာ အကောင်းဆုံးပါပဲ။ လောင်းကစားရှိတယ်ဆိုရင်
မိသားစုလည်း ကွဲရတယ်။ စကားလည်း များရတယ်။ နောက်ဆုံးတော့ အမြတ်က ဒေသခံအာဏာပိုင်တွေပဲ
ယူသွားတာပဲ။ ဒေသဖွံ့ ဖြိုးရေးလည်း မရှိဘူ” ဟု ယင်း ဒေသခံက ဆက်လက် ပြောဆိုခဲ့သည်။
.
ပိန်းခမ်းကျေးရွာတွင်
တန်ဆောင်မုန်းလပြည့်နေကို အကြောင်းပြု၍ ပွဲပြုလုပ်နေသည်မှာ ၁၂ ရက်ရှိပြီ ဖြစ်ကြောင်း
ဒေသခံများထံက သိရသည်။
.
အဆိုပါ လောင်းကစားမှုနှင့်
ပတ်သက်၍ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးငြိမ်းထွေးအား ဆက်သွယ် မေးမြန်း ရာတွင် “တကယ်လို့ ရှိနေတယ် ဆိုရင်
အရေးယူရမှာပေါ့။ မရှိရင်တော့ အရေးယူလို့ မရဘူး။ အလှူပွဲကတော့ ၃၀ ထက်မကျော်ရင်
သူတို့ဓလေ့ လုပ်ကြတယ်။ ကြီးကြီးကျယ်ကျယ်တော့ လုပ်လို့မရဘူး။ တကယ်လို့ လုပ်တယ် ဆိုရင်တော့
သဘာဝဘေးဥပဒေနဲ့ အရေးယူရမှာပေါ့။ စုံစမ်းဦးမယ်။ ”ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
မိုင်းဆတ်မြို့နယ်သည်
မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတွင်တည်ရှိပြီး စီးပွားရေးအရ နိမ့်ကျသော ဒေသ တစ်ခု
ဖြစ်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို
အဓိကလုပ်ကိုင် ကြကာ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများလည်း ရှိနေကြကြောင်း သိရသည်။
.
မိုင်းဆတ်မြို့နယ်သည်
လမ်းပန်းဆက်သွယ်ရေးမကောင်းသော ဒေသဖြစ်ပြီး မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါးဖြစ်ကာ
လူသုံးကုန်၊ စားသုံးကုန်နှင့် အိမ်ဆောက်ပစ္စည်းများကို တောင်ကြီးနှင့်
တာချီလိတ်မြို့နယ်များမှ အများဆုံး တင်သွင်းရသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment