မင်းဇော်မင်း
.
လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင်
ယနေ့ နိုဝင်ဘာလ ၂၀ ရက်၊ မွန်းလွဲပိုင်းက မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ လွိုင်လင်ဘဏ်ခွဲမှ
တောင်သူများအတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ လာရောက် ထုတ်ချေးပေးခဲ့သည်ဟု
သိရသည်။
.
.မိုင်းပန်မြို့နေ ဒေသခံတောင်သူများ ဆောင်းသီးနှံ
အချိန်မီစိုက်ပျိုးနိုင်စေရန်အတွက် ယင်းကဲ့သို့ စိုက်ပျိုးစရိတ် ချေးငွေ များကို လာရောက်ထုတ်ချေးပေးခြင်းဖြစ်ပြီး
မိုင်းပန်မြို့၊ အရှေ့ရပ်ကွက်နှင့် အလယ်ရပ်ကွက်နေ တောင်သူများ လာရောက်ချေးယူခဲ့ကြကြောင်း
သိရသည်။
.
ထိုသို့ ထုတ်ချေးပေးရာတွင် စပါးသီးနှံအတွက် တစ်ဧကလျှင်
ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံများအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်း
သတ်မှတ် ထုတ်ချေးပေးလျက်ရှိပြီး လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ရှိသူ တောင်သူတိုင်းကို
ထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
“တောင်သူတွေ ဥပဒေအတွင်းက ခံစားခွင့်ကို သိရှိလာကြတယ်။
နောက်ထပ်လည်း လယ်ယာမြေတွေ ဖော်ထုတ်ပြီး ပုံစံ (၇) ၂၀၀ လောက် ထပ်ထုတ်ပေးဖို့ ဆောင်ရွက်နေပါတယ်။
တစ်ဧက တစ်သိန်းကျပ်အပြင် COVID-19 ကာလ အပို ဆောင်း ၅၀၀၀၀ ကိုပါ
ထုတ်ပေးနေတာပါ” ဟု မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
မိုင်းပန်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ
မရှိသည့်အတွက် လွိုင်လင်ဘဏ်ခွဲနှင့် ညှိနှိုင်းခဲ့ရာ ၂၀၁၉ ခုနှစ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ
၅၁ သိန်းကျပ်၊ ၂၀၂၀ ပြည့်နှစ်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ၁၂၆ သိန်းကျပ်နှင့်
COVID-19 Special Relief Loan အတွက် ၄၂ သိန်းကျပ်တို့ကို ထုတ်ချေးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
.
ယခု ဆောင်းရာသီသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးမှုတွင်
မိုင်းပန်မြို့နယ်အတွင်း ပဲပုတ်စိုက်တောင်သူ ၁၆ ဦး အတွက် စုစုပေါင်းချေးငွေ ၇၈ သိန်းကျပ်အား
ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
.