မင်းဇော်မင်း
.
လားရှိုးမြို့နယ်၊ ဟူးမွန်ရေလှောင်တမံအနီးတွင် နိုဝင်ဘာလ
၂၁ ရက်က ဖြစ်ပွားခဲ့သော လူသတ်မှုမှ ကျူးလွန်သူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း လားရှိုးနယ်မြေရဲစခန်းမှ
သိရသည်။
.
![]() |
ဓါတ်ပုံ - လားရှိုးနယ်မြေရဲစခန်း |
“အခင်းမဖြစ်ခင်က ဓါသွေးနေတာတွေ၊ သေသူနဲ့ စကားများတာတွေအရ
စောင့်ကြည့်ခဲ့ရာမှာ ငွေလိုလို့ ဖုန်းဆက်လာ ရာက မူဆယ်ဘဏ်ကို ငွေလာထုတ်တဲ့အချိန် ဖမ်းမိတာပါ”
ဟု လားရှိုးနယ်မြေရဲစခန်းမှ ရဲအုပ် ဇော်လှိုင်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လားရှိုးမြို့နယ်၊ ဆုံကွယ်အုပ်စု၊ စစ်မှုထမ်းဟောင်းရပ်ကွက်နေ
အသက် ၄၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် နိုဝင်ဘာလ ၂၁ ရက်က လားရှိုးမြို့၊ ဟူးမွန်ရေလှောင်တမံအနီး
ဈေးဆိုင်အတွင်း ရင်ညွန့်အောက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲဘက်လက်ဖဝါး ပြတ်ရှဒဏ်ရာတစ်ချက်တို့ဖြင့်
လဲကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ သေဆုံးမှုမှ လူသတ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက်
စုံစမ်းနေစဉ် အခင်းဖြစ်ဈေးအတွင်း သေသူနှင့်အတူ နေထိုင်သူ ပြ့ဖြိုးအောင်ဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေသည်ကို
စိစစ်တွေ့ရှိရပြီး ပတ်ဝန်းကျင်၏ ထွက်ဆိုချက်အရ ၎င်းသည် ကိုင်ဆောင်သော ဓါးအား သွေးနေကြောင်းနှင့်
သေသူနှင့် စကားများထားကြောင်း သိရှိ ရသဖြင့် ၎င်း ပုန်းခိုနိုင်သည့် နေရာများသို့ ကင်းပုန်းဝပ်
စောင့်ကြည်ခဲ့သည်ဟု သိရသည်။
.
ထိုသို့ စောင့်ကြည့်နေစဉ် နိုဝင်ဘာလ ၂၃ ရက်တွင် သက်သေတစ်ဦးက
လွိုင်ကော်မြို့တွင် ရောက်ရှိနေသည့် ဈေးဆိုင် ပိုင်ရှင်တစ်ဦးထံသို့ ပြ့ဖြိုးအောင်က
ဝက်စာဝယ်ရန် ငွေလိုသဖြင့် Wave Money ဖြင့် ငွေလွှဲပေးရန် ဖုန်းဆက်လာ
ကြောင်း သတင်းပေးပို့သဖြင့် Wave Money ဖြင့် မလွှဲဘဲ ဘဏ်မှ ငွေလွှဲပေးရန်
ညှိနှိုင်းပြောဆိုခဲ့ပြီး မူဆယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်သို့ ငွေလွှဲပေးရာမှ ဘဏ်သို့ငွေလာရောက်ထုတ်ယူစဉ်
ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကျူးလွန်ူ ပြည့်ဖြိုးအောင်က ထွက်ဆိုရာတွင် သေဆုံးသူနှင့်
၎င်းသည် ဆိုင်ကယ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ စကားများထားခဲ့ကြောင်းနှင့် အခင်းဖြစ်နေ့တွင်
သေသူမှ မလုပ်ရဲဘဲ ဓါးမကိုင်ရန် ရန်စပြောဆိုလာသဖြင့် ဓါးဖြင့်ထိုး ခဲ့ခြင်းဖြစ်ပြီး
အလောင်းအား စောင်ဖြင့်အုပ်ပြီး ဆိုင်သော့ခတ်ကာ သေသူ၏ လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်တို့ကို
ယူဆောင်၍ လားရှိုးမြို့ရှိ တည်းခိုခန်းတစ်ခုတွင် တစ်ည တည်းခိုခဲ့ပြီး နောက်တစ်နေ့နံနက်တွင်
မူဆယ်မြို့သို့ ထွက်ခွာကာ အပေါင်ဆိုင်တစ်ဆိုင်တွင် ဆိုင်ကယ်ကို ၆၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊
လက်ကိုင်ဖုန်းကို ၈၅၀၀၀ ကျပ်ဖြင့်လည်းကောင်း ပေါင်နှံခဲ့ပြီး ငွေထပ်မံလိုအပ်သဖြင့်
ဆိုင်ရှင်ဖြစ်သူ အဒေါ်ထံဖုန်းဆက်ငွေတောင်းခံရာမှ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လူသတ်မှုမှ ကျူးလွန်သူ ပြည့်ဖြိုးအောင်အား
လားရှိုးနယ်မြေရဲစခန်းမှ (ပ)၁၉၈/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးပြီး
သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းကာ တရားစွဲတင်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း
သိရသည်။
.