ကိုစိုး (ကမ္ဘောဇတိုင်း)
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်ရှိ
မြန်မာ-တရုတ်နယ်စပ်မှတ်တိုင် (BP-125) အနီးတွင် COVID-19
ကပ်ရောဂါ အကြောင်းပြုကာ တရုတ်ဘက်မှ ခြံစည်းရိုးကာရံမှုနှင့်ပတ်သက်၍ နိုဝင်ဘာလ
၂၂ ရက်က မြန်မာနိုင်ငံ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကန့်ကွက်မှုကြောင့် ပြန်လည်ဖျက်သိမ်းသွားပြီ
ဖြစ်သည်ဟု သိရသည်။
.
![]() |
Photo - U Ngwe Doe |
“နယ်စပ်ကျောက်တိုင်ရဲ့ တစ်ဘက် ၁၀ မီတာအတွင်းမှာ ဘယ်နိုင်ငံကမှ
အဆောက်အဦ ဆောက်လို့မရဘူး။ အဲဒါကို တရုတ်ဘက် လာပြီး ခြံစည်းရိုး ခတ်တဲ့အတွက် သွားပြီး
ကန့်ကွက်ခဲ့တာပါ။ ကိန်းမားခရိုင် ပြည်သူ့ဆက်ဆံရေးဌာနမှူး နဲ့ တွေ့တော့ သူတို့ဘက်က နောက်ဆုတ်ပေးမယ်လို့
ပြောပါတယ်။ မနေ့ (နိုဝင်ဘာလ ၂၂ ရက်) ကပဲ ပြန်ဖျက်သွား ပါတယ်” ဟု လောက်ကိုင်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးငွေတိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ တရုတ်ဘက်မှ ခြံစည်းရိုးကာရံမှုနှင့်
ပတ်သက်၍ နိုဝင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းက လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ
ပါဝင်သောအဖွဲ့မှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးအဖွဲ့မှတစ်ဆင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့လည်း တင်ပြထားခဲ့ပြီးဖြစ်သည်ဟု ၎င်းထံက
သိရသည်။
.
ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်ကလည်း မြန်မာ-တရုတ်နယ်စပ်မှတ်တိုင်
၆၆/၁ နှင့် ၆၈ အကြားနှင့် ၇၃ နှင့် ၇၃/၁ အကြားတို့တွင် တရုတ်ဘက်မှ COVID-19
ရောဂါ အကြောင်းပြချက်ဖြင့် ခြံစည်းရိုး ကာရံမှုဖြစ်ပွားခဲ့ဖူးကြောင်း
သိရသည်။
.
No comments:
Post a Comment