စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှ သယ်ဆောင်လာသည့်
ငွေကျပ် ၅ ဒသမ ၂၈ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ များအား နိုဝင်ဘာလ ၂၈ ရက်က မန္တလေးတိုင်းဒေသကြီး၊
ပုသိမ်ကြီးမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင်
မူးယစ်ဆေးဝါးများ ထပ်မံ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ နိုဝင်ဘာလ ၂၇ ရက် ည ၉
နာရီခွဲအချိန်ခန့်တွင် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးလမ်း၊
အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျောက်မဲမြို့ ဘက်မှ မန္တလေးမြို့ဘက်သို့ ကံဌေး မောင်းနှင်ပြီး
သိန်းဇော် လိုက်ပါလာသည့် CANTER အမျိုးအစား မော်တော်ယာဉ် အား
စောင့်ကြည့်ခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်နံနက် ၄ နာရီခွဲအချိန်ခန့်တွင်
ပုသိမ်ကြီးမြို့နယ်၊ အိုရီယမ်တယ် တိုးဂိတ် အနီး၌ ၎င်းမော်တော်ယာဉ်ရပ်တန့်ထားပြီး
မူးယစ်ဆေးဝါးများလာရောက်လွှဲပြောင်း လက်ခံယူသည့် ခန့်ဇော်နှင့် ခွန်ဇော်ထက် တို့ ၂
ဦးရောက်ရှိ၍ မူးယစ်ဆေးဝါးများအား လွှဲပြောင်းလက်ခံပြုလုပ်နေစဉ် ယာဉ်အား စစ်ဆေးရှာဖွေ
ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထိုသို့ရှာဖွေရာတွင် မော်တော်ယာဉ်ပေါ်ရှိ စက္ကူဂျပ်ဖာများအတွင်း
ခေါက်ဆွဲခြောက်ထုပ်များဖြင့် ဖုံးအုပ်သယ်ဆောင် လာသည့် ဘိန်းဖြူ ၈၈ ကီလို
ကိုသိမ်းဆည်းရမိခဲ့ပြီး ၎င်းမူးယစ်ဆေးဝါးများကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့သို့
ပို့ဆောင်မည် ဖြစ်ကြောင်းဖော်ထုတ်သိရှိရသဖြင့်
ကွင်းဆက်အရ ၎င်းနေ့ ညနေ ၆ နာရီအချိန်တွင် မိုးညှင်းမြို့၊ အောင်သပြေ
(၁)ရပ်ကွက်၊ အမှတ် (၇/ခ) နေမူးယစ်ဆေးဝါးလက်ခံမည့်သူ မအိအိခိုင် (ခ)ဘုတ်ဘုတ် ၏
နေအိမ်အားဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းစိမ်း ၁၇ ဒသမ ၅ ကီလို၊
စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀၀ ပြား၊ မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ
ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရနိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၄
နာရီခွဲအချိန်ခန့်တွင် မိုးညှင်းမြို့၊ အောင်သပြေ (၃) ရပ်ကွက်နေ မဝင်းမော် (ခ) မမော်
(ခ) မှိုင်းပြာအား ဆက်လက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
ကံဌေး၊ သိန်းဇော် (ခ) အောင်အောင်၊ ခန့်ဇော် ၊ ခွန်ဇော်ထက်၊ မအိအိခိုင်(ခ) ဘုတ်ဘုတ်၊
မဝင်းမော် (ခ) မမော် (ခ) မှိုင်းပြာ တို့အား သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် အမှုဖွင့်
အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment