ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် အစည်းအဝေးခန်းမဆောင် ဆောက်လုပ်ရန် မြေသန့်မင်္ဂလာ၊ ပန္နက်ရိုက်မင်္ဂလာနှင့် အုတ်မြစ်တော်စီ မင်္ဂလာနှင့် အလှူငွေလှူဒါန်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်၊ နံနက်ပိုင်း၌ ဗုဒ္ဓတက္ကသိုလ်ရှိ International Meeting Hall ဆောက်လုပ်မည့် နေရာတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
.
အခမ်းအနားတွင် ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်၊ အောက်စဖို့ဒ်ဆရာတော်ဒေါက်တာ အရှင်ဓမ္မသာမိ အမှူးပြုသော၊ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် အလှူရှင် ကမ္ဘောဇဘဏ်နာယက ဝဏ္ဏကျော်ထင်၊ စည်သူ၊ သရေစည်သူ ဦးအောင်ကိုဝင်းနှင့် အရာထမ်း ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
.
ရှေးဦးစွာ ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ပွား သရဇ္ဈာယ် ချီးမြှင့်တော်မူကြကာလှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြပြီး မင်္ဂလာအချိန်နံနက် ၈ နာရီ ၉ မိနစ်တွင် အောက်စဖို့ဒ်ဆရာတော် အမှူးပြုသော ဆရာတော်သံဃာတော်များက ဇယန္တောဗောဓိယာမူလေအစီချီဂါထာများကို ရွတ်ဖတ်ပူဇော်၍၊ အောက်စဖို့ဒ်ဆရာတော်၊ အလှူရှင် ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းနှင့် အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်တို့က ပန္နက်တင်ခြင်း မင်္ဂလာ၊ ရွှေပေစာ ငွေပေစာဌာပနာခြင်း မင်္ဂလာနှင့် ရတနာအုတ်မြစ်တော်စီခြင်း မင်္ဂလာများကို အသီးသီးပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
.
ယနေ့ ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် အစည်းအဝေးခန်းမဆောင် ဆောက်လုပ် လှူဒါန်းမှုအတွက်မ္ဘောဇဘဏ်မှ အလှူငွေကျပ်သိန်း ၈၀၀၀ လှူဒါန်းခဲ့ပြီး၊ ယခင်ကလည်း ဗုဒ္ဓတက္ကသိုလ်ဘွဲ့နှင်းသဘင် ဆောက်လုပ်ခြင်းအတွက် အလှူငွေကျပ်သိန်း ၂၄၀၀၀ ၊ ဗုဒ္ဓတက္ကသိုလ်ငွေပဒေသာပင် စိုက်ထူခြင်းအတွက် လှူဒါန်းငွေ ကျပ်သိန်း ၃ ထောင်၊ စုစုပေါင်းအလှူငွေကျပ်သိန်း ၃၅၀၀၀ လှူဒါန်းထားရှိကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့် ပြည်သူအတွက် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး၊ ကဏ္ဍအသီးသီးတွင် အလှူငွေ စုစုပေါင်း ၁၇၆ ဘီလီယံကျော် လှူဒါန်းခဲ့ကာ ဆက်လက်၍လည်း လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာ၊ လိုအပ်သည်များကို အချိန်နှင့် တစ်ပြေးညီ စဉ်ဆက်မပြတ် လှူဒါန်းသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။