ကမ္ဘောဇတိုင်း
.
ဟိုပုံးမြို့အဝင် လွိုင်လင်-တောင်ကြီး ကားလမ်း၊ မိုင်တိုင် (၁၀၁/ဝ) အနီးတွင် နိုဝင်ဘာလ ၁၂ ရက်၊ ည ၇ နာရီကျော်ခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များမှ စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝဝဝဝ ပြားအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၂ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် လွိုင်လင်မြို့အထွက်၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် မော်တော်ယာဥ် တစ်စီးအား မသင်္ကာဖွယ် ရပ်တန့် ထားသည်ကို တွေ့သဖြင့် သွားရောက် စစ်ဆေးမည် ပြုစဉ် မော်တော်ယာဉ် ၂ စီး ထပ်မံ ရောက်ရှိလာပြီးနောက် ယင်းမော်တော်ယာဉ် ၃ စီးသည် ဟိုတင့်ကျေးရွာအတွင်းသို့ မောင်းနှင် ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
၄င်းတို့အား လိုက်လံ ဖမ်းဆီးစဥ် ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် ဟိုပုံးမြို့အဝင်၌ စိုင်းဝမ်းလျန်း မောင်းနှင်ပြီး စိုင်းဆန်ကို လိုက်ပါလာသည့် Platana အမျိုးအစား ခဲရောင်ယာဉ်အား စတင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ယင်းနောက် ည ၇ နာရီခွဲခန့်တွင် လွိုင်လင်- တောင်ကြီး ကားလမ်း၊ မိုင်တိုင်(၁၀၁/ဝ)အနီးတွင် Ford အမျိုးအစားမော်တော်ယာဉ်အား ပိတ်ဆို့ တားဆီးစဉ် နောက်ပြန်လှည့် မောင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ မော်တော်ယာဉ်မှာ လမ်းဘေး လျှိုအတွင်း ထိုးကျသွားပြီး ယာဉ်ပေါ်ပါသူ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့၍ ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဆာလာ အိတ်များဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝဝဝဝ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ထို့အတူ တစ်ချိန်တည်းမှာပင် ဟိုပုံးမြို့အဝင် ရေထွက်အနီး၌ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်း ပါဝင်သူ မနန်းဆိုင်ထွေးနှင့် ၎င်း၏ခင်ပွန်း မောင်သန်း(ခ)ကျော်ခင် တို့အား Revo အမျိုးအစား မော်တော်ယာဉ်နှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
.
ဖမ်းဆီး ရမိသူများအား ရဲတပ်ဖွဲ့မှ စစ်ဆေးချက်အရ စိတ်ကြွ ရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် မော်တော်ယာဉ်ပေါ်မှ ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးမှာ စိုင်းယဉ်နှင့် စိုင်းနော်ခမ်း တို့ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မနန်းဆိုင်ထွေး၊ မောင်သန်း(ခ) ကျော်ခင်၊ စိုင်းဝမ်းလျန်း၊ စိုင်းဆန်ကို(ခ) စိုင်းကွမ်ခေး၊ စိုင်းယဉ် (တိမ်းရှောင်)၊ စိုင်းနော်ခမ်း (တိမ်းရှောင်) တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။