နန်းဝင်းရီ
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌
နှစ်စဉ်ကျင်းပမြဲဖြစ်သော သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ
မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်ကို ယခုနှစ်တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေ များအရ ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း သိရသည်။
.
.“ဒီနှစ် တန်ဆောင်တိုင်ပွဲ မလုပ်ဖြစ်တော့ဘူး။ ကထိန်လည်း
ခါတိုင်းနှစ်လို စည်စည် ကားကား လှည့်တာတွေတော့ မလုပ်ဖြစ်တော့ဘူး။ တောင်ကြီးလည်း
မလုပ်ဘူးဆိုတော့ ကျွန်တော်တို့လည်း ဆရာတော်တွေ၊ ဒေသဦးစီးအဖွဲ့တွေနဲ့
မြို့မိမြို့ဖတွေနဲ့ တိုင်ပင်ပြီးတော့ မလုပ်ဖြစ်တော့ဘူး။ မြို့လုံးကျွတ် ဘုံကထိန် ကလည်း
အခမ်းအနားတွေ မလုပ်တော့ ဘူး။ ဟိုခိုကျောင်းမှာ သက်ဆိုင်ရာတွေက
တိုက်ရိုက်သွားပို့တာပဲ လုပ်တော့မယ်” ဟု ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးနန်းတင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဟိုပုံးမြို့သည် တောင်ကြီးမြို့နှင့်
အနီးဆုံးတွင် တည်ရှိပြီး တောင်ကြီး တန်ဆောင်တိုင်ပွဲတော်စတင် ကျင်းပ ခဲ့သည့်အချိန်ကာလမှ
စတင်၍ ဟိုပုံးမြို့ တန်ဆောင်တိုင်ပွဲတော် ကို နှစ်စဉ်မပြတ် ကျင်းပခဲ့ခြင်း ဖြစ်ကာ
ဟိုပုံးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲသည် တောင်ကြီးတန်ဆောင်တိုင်
မီးပုံးပျံပြိုင်ပွဲပြီးပါက ဒုတိယမြောက် အစည်ကားဆုံးသော ပွဲတော်တစ်ခု ဖြစ်ကြောင်း
သိရသည်။
.
ယင်းကဲ့သို့ ဟိုပုံးတန်ဆောင်တိုင်ပွဲ
ကျင်းပနိုင်ခြင်း မရှိသော်လည်း ဟိုပုံးမြို့နယ်အတွင်းရှိ ဒေသအချို့တွင် မီးပဒေသာ
လှည့်လည်ပူဇော်ပွဲများကို ကျင်းပ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
.