အားချာ
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် လက်မှတ်များနှင့် COVID-19 ရောဂါကြိုတင် ကာကွယ်ရေး ကျန်းမာရေးသုံး ပစ္စည်းများကို ယနေ့ နိုဝင်ဘာလ ၇ ရက်၊ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် မဲရုံမှူးများအား ထုတ်ပေးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
.
မိုင်းယောင်းမြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးစိုင်းမှိုင်ခမ်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မဲဆန္ဒနယ်အလိုက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားရေးရာ ဆန္ဒမဲလက်မှတ်များ၊ စာရွက်စာတမ်းများ၊ မှင်ဘူးများနှင့် မဲရုံ၌အသုံးပြုမည့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ဖြစ်သော Mask များ၊ Face Shield များ၊ PPE ဝတ်စုံများနှင့် ကျန်းမာရေးသုံး အခြားပစ္စည်းများကို ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
.
မိုင်းယောင်းမြို့နယ်တွင် လွှတ်တော်အလိုက် မဲဆန္ဒနယ် အသီးသီး၌ ကိုယ်စားလှယ်လောင်း ၂၃ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံကြမည် ဖြစ်ပြီး မဲရုံပေါင်း ၆၈ ရုံရှိ၍ မဲပေးခွင့်ရှိသူ စုစုပေါင်း ၂၇၁၉၁ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
.