တောင်ကြီးတွင် DNP ပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား ဆန္ဒဖော်ထုတ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, November 15, 2020

တောင်ကြီးတွင် DNP ပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား ဆန္ဒဖော်ထုတ်မည်

 

တောင်ကြီးမြို့တွင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်နေမှုများအတွက် နိုဝင်ဘာလ ၁၇ ရက်တွင် COVID-19 ကာလ ထုတ်ပြန်ထားသည့် စည်းကမ်း/လမ်းညွှန်ချက်များနှင့် အညီ ဆန္ဒဖော်ထုတ် လမ်းလျှောက်မည် ဖြစ်ကြောင်း သိရသည်။

.

“ ခွင့်ပြုမိန့်တော့ ဒီနေ့ တင်လိုက်ပြီ။ ရည်ရွယ်ချက်ကတော့ UEC အနေနဲ့ မှားယွင်းခဲ့တာတွေကို  UEC ကိုယ်တိုင် ပြန်မရှင်းဘဲနဲ့ စုံခုံလို ပုံစံမျိုး အခြားအဖွဲ့ကနေ စစ်ဆေးပြီးတော့ အစိုးရကို တင်ပေးဖို့ပေါ့။ အကယ်၍ UEC တစ်ဖွဲ့တည်းကပဲ ဆုံးဖြတ်ပြီး အစိုးရတစ်ရပ်ကို တင်လိုက်ရင် ကျွန်တော်တို့က ကန့်ကွက် ဆန့်ကျင်တယ်ပေါ့။ ”ဟု ဆန္ဒဖော်ထုတ်ပွဲအား ဦးဆောင်မည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ ဦးဝင်းဗိုလ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယင်းကဲ့သို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် လမ်းလျှောက်ခွင့်အား ယနေ့ နိုဝင်ဘာလ ၁၅ ရက်တွင် တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့သို့ တင်ပြထားပြီး ဖြစ်ကာ ခွင့်ပြုမိန့် မရရှိပါက အခြား အဖွဲ့အစည်းများ ဆောင်ရွက်သကဲ့သို့ပင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

.

“ ဒီ COVID-19 ကာလအတွင်းမှာပဲ ရွေးကောက်ပွဲလည်း လုပ်သွားသလို၊ အနိုင်ရ ပါတီရော၊ တခြားပါတီတွေရော ဒီလိုပဲ လုပ်သွားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ကတော့ ခွင့်ပြုသည် ဖြစ်စေ၊ ခွင့်မပြုသည် ဖြစ်စေ အဲဒီ အထောက်အထားလေးတွေနဲ့ ပြန်ကြည့်ပြီးတော့ အကုန်လုံးက ဥပဒေဆိုတာ တစ်တန်းတည်း သွားရတာလေ။  သူတို့ လုပ်သလိုပဲ ကျွန်တော်တို့က လုပ်မှာပါ။”ဟု ဦးဝင်းဗိုလ်က ဆက်လက် ပြောဆိုခဲ့သည်။

.

အဆိုပါ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဖော်ထုတ်မှုအား လူအင်အား ၂၉ ဦးဖြင့် နိုဝင်ဘာလ ၁၇ ရက်၊ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်မှ ညနေ ၆ နာရီထိ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးရှေ့သို့ မော်တော်ယာဉ်များဖြင့် သွားရောက်၍ ရုံးရှေ့တွင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒ ထုတ်ဖော်မည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About