.
ကျောက်မဲမြို့၊ အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်းရှိ Quarantine Center တွင် အသွားအလာ ကန့်သတ်ထားသည့် အသက် ၂၀ အရွယ် အမျိုးသားနှင့် အာရုံဦး Hotel Quarantine တွင် အသွားအလာ ကန့်သတ်ထားသည့် အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတို့တွင် ယနေ့ နိုဝင်ဘာလ ၂၈ ရက်က COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
အလက (၃) မှ ပိုးတွေ့လူနာ အမျိုးသားသည် နိုဝင်ဘာလ ၁၅ ရက်က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ တဆင့် ပြန်လာသူ ဖြစ်ပြီး မူဆယ်တွင် ၂ ညအိပ် ရပ်နားခဲ့ပြီးနောက် ကျောက်မဲမြို့သို့ နိုဝင်ဘာလ ၁၇ ရက်၊ ညနေပိုင်းက ရောက်ရှိလာသူ ဖြစ်ကာ ၎င်း၏ ဓါတ်ခွဲနမူနာကို ပထမအကြိမ် စစ်ဆေးစဉ် ပိုး မတွေ့ဘဲ ဒုတိယအကြိမ်အဖြစ် ထပ်မံရယူ စစ်ဆေးခဲ့ရာတွင် ပိုး တွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ အာရုံဦး Hotel Quarantine မှ ပိုးတွေ့လူနာ အမျိုးသမီးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှ ပြန်လာသူ ဖြစ်ပြီး ကျောက်မဲမြို့သို့ နိုဝင်ဘာလ ၁၈ ရက်က ရောက်ရှိကာ ဒုတိယအကြိမ် ဓါတ်ခွဲနမူနာကို ရယူစစ်ဆေးချိန်တွင် ပိုး တွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ COVID-19 ပိုးတွေ့လူနာများကို ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ပေးမည် ဖြစ်ပြီး ၎င်းတို့နှင့် ထိတွေ့မှု ရှိသူများကို အသွားအလာ ကန့်သတ်၍ စောင့်ကြည့်သွားမည် ဖြစ်ကြောင်းနှင့် ကျောက်မဲမြို့နယ်တွင် ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၁၃ ဦး ရှိခဲ့ပြီး ၁၁ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီ ဖြစ်ကြောင်း သိရသည်။