စိုင်းသိင်္ခသူ
.
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင်
COVID-19 ရောဂါ တိုက်ဖျက်ရေးကာလအတွင်း ဆေးရုံပြင်ဆင် ဖြည့်စွက်ရန်
လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရန်အတွက် ဆေးရုံအကျိုးတော်ဆောင်ကော်မတီက ယနေ့ နိုဝင်ဘာလ
၂၄ ရက်၊ နံနက်ပိုင်းတွင် အလှူငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့သည်ဟု သိရသည်။
.
![]() |
ဓါတ်ပုံ - ကိုအောင်မိုး (ရွှေဖီမြေ) |
ထို့အပြင် အဆိုပါလှူဒါန်းမှုတွင် ပြင်ပအလှူရှင်မျာ၏
လှူဒါန်းမှုကြောင့် စုစုပေါင်း အလှူငွေ ၁၁၂ သိန်းကျပ် ရရှိခဲ့သည်ဟု သိရသည်။
.
“ပဒေသာပင် စုငွေထဲကနေ ကော်မတီဝင်တွေ ဖုန်းနဲ့ အစည်းအဝေးထိုင်ပြီး
လှူတာပါ။ ကျန်တဲ့ အလှူရှင်တွေ၊ ကုမ္ပဏီတွေကလည်း စုပေါင်းလှူဒါန်းတာပေါ့” ဟု နမ့်ဆန်ဆေးရုံအကျိုးတော်ဆောင်ကော်မတီအဖွဲ့မှ
ဦးကျားတီက ပြောသည်။
.
နမ့်ဆန်တွင် COVID-19 လူနာတစ်ဦး
တွေ့ရှိပြီးနောက် မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊
စေတနာ့ဝန်ထမ်းများမှ COVID-19 ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို
အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြင်ဆင်ဖြည့်စွက်ခြင်းနှင့်
ဆေးရုံအတွက် လိုအပ်သည့် နေရာများ တွင် အသံးပြုနိုင်ရန်အတွက် ဆေးရုံအကျိုးတော်ဆောင်ကော်မတီက
ကျပ်သိန်း ၁၀၀၊ မန္တလေးမြို့၊ ပလောင်လူမှု ကူညီရေးအသင်းက ငွေကျပ် ၁၀ သိန်း၊ တအာင်း
(ပလောင်) အမျိုးသားပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း ဦးအုန်းခိုင်မိသားစုက
၁ သိန်း၊ မမြင့်မြင့်ဆွေ၏ ၃၂ နှစ်ပြည့်မွေးနေ့အလှူ ကျပ် ၁ သိန်း၊ စုစုပေါင်း ၁၁၂ သိန်း
ကျပ်တို့ကို ဆေးရုံအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေက
လက်ခံရယူခဲ့ကြောင်း သိရသည်။
.
အဆိုပါ အလှူငွေ ပေးအပ်ပွဲသို့ ဆေးရုံ အကျိုးတော်ဆောင်
ကော်မတီဝင် ၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
.