မင်းဇော်မင်း
.
မိုင်းတုံမြို့သို့ လမ်းလုပ်ငန်းများ လုပ်ဆောင်ရန် လာရောက်သူများအနက် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးထံတွင် နိုဝင်ဘာလ ၂၇ ရက်က COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့၊ ဘုရားငါးဆူမှ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့တွင် လမ်းလုပ်ငန်း လုပ်ဆောင်ရန် လာရောက်သည့် လမ်းလုပ်သား ၆၆ ယောက်ကို မိုင်းတုံမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် RDT ဖြင့် စစ်ဆေးရာမှ ယင်းအမျိုးသမီးတွင် COVID-19 ပိုး တွေ့ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါပိုးတွေ့ လူနာမှာ နေပြည်တော်၊ ကျွဲရှင်းကျေးရွာတွင် နေထိုင်သူ ဖြစ်ကာ ၄င်းအား မိုင်းတုံဆေးရုံတွင် ဆေးကုသမှု ပေးမည် ဖြစ်ကာ လက်ရှိတွင် ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
.
" လူများတော့ ၁၁ နာရီလောက်မှာ တွေ့တာ၊ ကျန်သူတွေတော့ အထကမှာ Qurantine ထားပြီး နောက် ၁၁ ရက်နေရင် PCR နဲ့စစ်မှာ ဖြစ်ပါတယ်။" ဟု မိုင်းတုံဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာ သက်ခိုင်မင်းက ပြောသည်။
.
ယင်း လမ်းလုပ်သားများသည် မော်တော်ယာဥ် ၂ စီးဖြင့် လာရောက်ခြင်း ဖြစ်ပြီး ပိုးတွေ့လူနာ လိုက်ပါ စီးနင်းလာသည့် ယာဥ်တွင် လူ ၂၃ ဦးနှင့် ကျန်ယာဥ်တွင် ၄၂ ဦး စီးနင်းလာခြင်း ဖြစ်ကာ လမ်းတွင် တောင်ကြီးအထွက် ထမင်းဆိုင်၌ နိုဝင်ဘာလ ၂၅ ရက်တွင် လည်းကောင်း၊ မိုင်းပန်အထွက် ရွာသာယာတွင် နိုဝင်ဘာလ ၂၆ ရက်တွင် လည်းကောင်း ရပ်နားခဲ့ကြောင်း သိရသည်။