စုလှိုင်
.
ကလောမြို့နယ် ကလောနှင့် နန့်ပန်တက်စစ်ဆေးရေးဂိတ်တို့တွင်
ယနေ့ နိုဝင်ဘာလ ၁၃ ရက်က ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၅ ဦးတို့ထံမှ COVID-19
ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.“နန့်ပန်တက်က ၄ ယောက်၊ ကလောက ၁ ယောက်၊ စုစုပေါင်း
ဒီနေ့တွေ့တာ ၅ ယောက်ပါ၊။ နန့်ပန်တက်မှာ တွေ့တာ တွေက ရန်ကုန်ပြန်ပါ။ ကလောမှာ တွေ့တဲ့တစ်ယောက်ကတော့
အေးသာယာက လာတာ။ ကလောဆေးရုံမှာပဲ ထားမယ်။ နောက်ဆုံးတွေ့တဲ့ တစ်ယောက်ကတော့ အစီရင်ခံစာ
မတက်လာသေးဘူး။ အခုလေးပဲ တွေ့တာပါ” ဟု နန့်ပန်တက်စစ်ဆေးရေးဂိတ် တာဝန်ကျ ဒေါက်တာ စောမြတ်သစ္စာက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် တွေ့ရှိခဲ့သော COVID-19
ပိုးတွေ့လူနာ ၄ ဦးမှာ အသက် ၃၄ နှစ်၊ ၃၉ နှစ်၊ ၂၄ နှစ်နှင့် ၂၈ နှစ်အရွယ်ရှိ
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များဖြစ်ပြီး ကလောစစ်ဆေးရေးဂိတ်တွင် တွေ့ရှိသူမှာ အသက်
၂၈ နှစ်အရွယ် ယာဉ်နောက်လိုက်ဖြစ်ကာ ၎င်းတို့နှင့် ထိတွေ့ခဲ့သူ ၃ ဦးတို့ကိုလည်း ကလော
Quarantine Center သို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းသို့ ဝင်ရောက်လာသော
မော်တော်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များ၊ ယာဉ်ပေါ်ပါလာသူများအား နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင်လည်းကောင်း၊
ရှမ်းပြည်နယ် တောင်ပိုင်းမှ အခြားဒေသသို့ ထွက်ခွာမည့် မော်တော်ယာဉ်များမှ ယာဉ်မောင်း၊
ယာဉ်နောက်လိုက်နှင့် ယာဉ်ပေါ် ပါသူများကို ကလောစစ်ဆေးရေးဂိတ်တွင်လည်းကောင်း Rapid
Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း
သိရသည်။
.