.
COVID-19 ပိုးတွေ့ အတည်ပြုလူနာများကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၃၇ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၇၆ ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၁၂ ဦး စသည်ဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ပိုးတွေ့ အတည်ပြုလူနာများအနက် ၂ ဦး သေဆုံး၍ ၁၈၄ ဦးမှာ ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကာ လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို မြို့နယ်အလိုက် သက်ဆိုင်ရာဌာနများက စေတနာ့ဝန်ထမ်းများနှင့်အတူ အရှိန်အဟုန် မြှင့် ဆောင်ရွက်နေလျက် ရှိသော်လည်း ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်မှု အားနည်းနေလျက် ရှိကြောင်းလည်း သိရသည်။
.
ရှမ်းပြည်နယ်ရှိ COVID-19 ပိုးတွေ့ အတည်ပြုလူနာများအနက် စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့သည့် တောင်ကြီးမြို့နေ အသက် ၆၇ နှစ်အရွယ် အမျိုးသားသည် စက်တင်ဘာလ ၂၀ ရက်တွင် လည်းကောင်း၊ လားရှိုးဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့သည့် တန့်ယန်းမြို့နယ်၊ နားလောင်းကျေးရွာအုပ်စု၊ မတ်တွယ်ကျေးရွာနေ အသက် ၃၀ နှစ်အရွယ် အမျိုးသားသည် နိုဝင်ဘာလ ၁၈ ရက်တွင်လည်းကောင်း အသီးသီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းတွင် COVID-19 ပိုးတွေ့သူ နေ့စဉ် ၁၀၀၀ ဦးကျော်ခန့် တွေ့ရှိနေပြီး သေဆုံးသူမှာလည်း ၂၀ ဦး ဝန်းကျင်ခန့် ရှိနေကာ ပြည်သူများအနေဖြင့် နေအိမ်တွင်သာ နေထိုင်၍ မဖြစ်မနေ အပြင်သို့ ထွက်ရပါကလည်း လူစုလူဝေးအား ရှောင်ရှား၍ စနစ်တကျ Mask တပ်ဆင်ခြင်း၊ လက်ဆေးခြင်းများ ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုက်တွန်း နှိုးဆော်ထားသည်။