တာချီလိတ်မြို့မှ COVID-19 ပိုးတွေ့ အတည်ပြုလူနာ တည်းခိုခဲ့သည့် ကျိုင်းတုံမြို့ရှိ နေအိမ်မှ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်မှာ ပိုး ကူးစက်ခံရကြောင်း သိရသည်။
.
ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၃)ရှိ နေအိမ်မှ မိသားစုဝင်များ၏ ဓါတ်ခွဲနမူနာများကို ယနေ့ (နိုဝင်ဘာလ ၂၆ )ရက်က စစ်ဆေးရာတွင် ယင်းမိန်းကလေးတွင် COVID-19 ပိုး တွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
" လူနာတင်ကားနဲ့ ကျိုင်းတုံဆေးရုံကြီးကို နေ့လယ်က ပို့ဆောင်ပေးခဲ့ပါတယ်" ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ မြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်က တာချီလိတ်မြို့မှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတွင် COVID-19 တွေ့ရှိခဲ့ပြီးနောက် ၄င်းနှင့် ထိတွေ့မှု ရှိသူ ၄၄ ဦးအား အသွားအလာ ကန့်သတ်၍ ဓါတ်ခွဲ နမူနာများ ရယူကာ RDT ဖြင့် စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။