စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်များတွင်
ယနေ့ နိုဝင်ဘာလ ၂၉ ရက်က COVID-19 ရောဂါ ပိုးတွေ့လူနာ ၈ ဦး တွေ့ရှိခဲ့သည်ဟု
သိရသည်။
.
.
“RDT နဲ့ စစ်တာ အေးသာယာဂိတ်မှာ
၂ ဦး၊ ရွာငံမှာ လောလောဆယ် ၄ ဦး တွေ့ထားပါတယ်။ ကားသမားတွေပါပဲ” ဟု ရှမ်းပြည်နယ်
ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို
က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကလောမြို့နယ်၊ နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင်လည်း
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦးထံမှ COVID-19 ရောဂါပိုး
တွေ့ရှိခဲ့ရာ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ယနေ့ နိုဝင်ဘာလ ၂၉ ရက်၌ ပိုးတွေ့လူနာ
၈ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
“သူတို့က တစ်စီးထဲ ၂ ယောက်လာတာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ပါ။
မူဆယ်ကနေ တောင်ကြီးကို သွားမှာ။ ကလောဆေးရုံမှာပဲ ထားမှာပါ။”ဟု နန့်ပန်တက်
စစ်ဆေးရေးဂိတ်တွင် တာဝန်ယူ စစ်ဆေးနေသော ကလောမြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာ
စောမြတ်သစ္စာ က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်းသို့ ဝင်ရောက်လာသော
ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား ကလောမြို့နယ်၊
နန့်ပန်တက် စစ်ဆေးဂိတ်နှင့် ရွာငံမြို့နယ်၊ မြို့ကြီးစစ်ဆေးရေးဂိတ် များတွင်လည်းကောင်း၊
ရှမ်းပြည်နယ်တောင်ပိုင်းမှ အထွက်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကလောမြို့အထွက်နှင့်
အေးသာယာဆေးရုံတို့တွင်လည်းကောင်း Rapid Test Kit များဖြင့် COVID-
19 ရောဂါပိုး ရှိ၊မရှိ ကို စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.