COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၄၂၈ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (နိုဝင်ဘာလ ၂၇ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၅၄၅ ခုအနက် ၇ ဦးတွင် COVID-19 ပိုး တွေ့ ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာများမှာ တောင်ကြီးမြို့နယ်မှ ၄ ဦး၊ ကလောမြို့နယ်မှ ၁ ဦး၊ ပင်လောင်းမြို့နယ်မှ ၁ ဦး၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
" ရှမ်းတောင် တစ်ခုလုံးမှာ ဒီနေ့ Positive ၇ ယောက်တွေ့တယ်။ PCR နဲ့က ၆ ယောက် (PHL တောင်ကြီးတွင် စစ်)၊ Test Kit နဲ့က ၁ ယောက်ပါ။ Test Kit နဲ့ တွေ့တာက အေးသာယာကားဂိတ်မှာ ယာဥ်နောက်လိုက်ဆီက တွေ့တာပါ။ PHL က စစ်တဲ့ ၆ ယောက်လုံးက Quarantine တွေပဲ။ တောင်ကြီး ၄ ယောက်ထဲက ၂ ယောက်က မင်္ဂလာဦးက အဆက်ပေါ့။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ပြောသည်။
.
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်မှ ပိုးတွေ့လူနာ၏ မိသားစုဝင်များအား Quarantine ဝင်ရောက်ရန် ခေါ်ယူစဥ် တစ်ဦးမှာ ပျောက်နေပြီး ဆက်သွယ်၍ မရဘဲ ဖြစ်နေသဖြင့် လိုက်လံ ရှာဖွေခဲ့ရသည့် အခြေအနေများ ရှိခဲ့ကြောင်းလည်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (နိုဝင်ဘာလ ၂၇ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၈၆၆၃၃ ဦး ရှိကာ၊ ယင်းအနက် ၁၈၆၅ ဦး သေဆုံး၍ ၆၅၉၇၂ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။