COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၅၉၂ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၄၆၁ ခုအနက် ၁၀ ဦးတွင် COVID-19 ပိုး တွေ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှ ၃ ဦး၊ အေးသာယာ၊ တောင်ကြီး၊ ရပ်စောက်၊ ပင်လောင်း၊ ကျေးသီး၊ ညောင်ရွှေ၊ ဟိုပုံးမြို့တို့မှ ၁ ဦးစီဖြင့် စုစုပေါင်း ၁၀ ဦး ဖြစ်ကြောင်း သိရသည်။
.
" တောင်ကြီးနဲ့ အေးသာယာ ၂ ယောက်က ခရီးသွား ရာဇဝင် ထူးထူးခြားခြား မရှိဘူး၊ Contact အနေနဲ့ စစ်လိုက်တဲ့ ၁ ယောက်က ၃ နှစ်ကလေးပါ။ ကလော ၃ ယောက်မှာက ကားသမား Contact က ၂ ယောက်၊ မန္တလေးပြန် ၁ ယောက်။ ကျေးသီးက ရခိုင်က ပြန်လာတာ၊ သူက Quarantine မဝင်ခင် အမျိုးသား တစ်ယောက်နဲ့ ထိတွေ့မှု ရှိခဲ့တယ်။ ရပ်စောက်က ၁ ယောက်က ရန်ကုန်က ပြန်လာတာ၊ Quarantine ထဲ ဝင်ပေမဲ့ Q အချင်းချင်း ထိတွေ့မှု Contact ရှိခဲ့တယ်။ ပင်လောင်း ၁ ယောက်က မန္တလေးပြန်၊ Quarantine မဝင်ခင် သူ့ရွာကို ခဏ ပြန်သွားတော့ ထိတွေ့မှု Contact ရှိခဲ့တယ်။ ဟိုပုံး ၁ ယောက်က ဘုန်းကြီးကျောင်းကနေ ပြန်လာတာ။ ညောင်ရွှေ ၁ ယောက်က ရန်ကုန်ပြန်ပြီး Quarantine ဝင်နေသူပါ။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၇၃၃၂၂ ဦး ရှိကာ၊ ယင်းအနက် ၁၆၅၀ ဦး သေဆုံး၍ ၅၄၇၆၄ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။