ကမ္ဘောဇတိုင်း
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်
ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် ဟိုပုံးမြို့မှ ဒုတိယမြောက် COVID-19
အတည်ပြုလူနာသည် Quarantine မဝင်ရောက်မီ လိုင်းကားနှင့်
ဆိုင်ကယ်တက္ကစီ စီးနင်းခဲ့သူ ဖြစ်သဖြင့် ၎င်းနှင့် ထိတွေ့ဆက်စပ်မှုရှိသူများအား လိုက်လံရှာဖွေလျက်ရှိကြောင်း
ဟိုပုံးမြို့နယ် ပြည်သူ့ ဆေးရုံမှ သိရသည်။
.
.“သူစီးခဲ့တဲ့ ဆိုင်ကယ်သမားတော့ တွေ့ပြီ။ ကားဆရာကတော့
အခုမှ စုံစမ်းနေတုန်းပဲ။ ဒုတိယမြောက် တွေ့တဲ့ လူနာပါ။ လူနာတွေက ကျန်းမာရေး ကောင်းပါတယ်။
ဒေါင်ဒေါင်မြည်ပါပဲ” ဟု ဟိုပုံးပြည်သူ့ဆေးရုံအုပ် ဒေါက်တာ မောင်မောင်သိန်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ ပိုးတွေ့လူနာသည် ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသည့်
အသက် ၃၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်၊ နေ့လယ်ပိုင်းက တောင်ကြီးမှ
ဟိုပုံးသို့ နမ့်ဆီး-နောင်လေ လိုင်းကားဖြင့် ပြန်လာကာ ဆိုင်ကယ်တက္ကစီဖြင့် ဟိုပုံးဆေးရုံသို့
လာရောက်ခဲ့ပြီးနောက် ဟိုပုံးမြို့၊ နောင်တောင်း ဓမ္မစကူးလ်၌ Quarantine ဝင်ရောက်နေစဉ် နိုဝင်ဘာလ ၂၃ ရက်က Rapid Test Kit ဖြင့်
စစ်ဆေးရာမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်း ပိုးတွေ့လူနာနှင့် ပတ်သက်၍ ထိတွေ့ဆက်စပ်သူများအား
ဆက်သွယ်သတင်းပေးပို့ကြရန် ဟိုပုံး ပြည်သူ့ဆေးရုံက တိုက်တွန်းနှိုးဆော်ထားသည်။
.
No comments:
Post a Comment