ဆိုင်းနှောင်
.
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ် လောင်းများနှင့်အတူ ရပ်တည်ကြောင်း
တောင်ကြီးမြို့နယ်အတွင်းရှိ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုအဖွဲ့များမှ ယမန်နေ့
နိုဝင်ဘာလ ၂ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့မဈေးရှေ့တွင် Campign ပြုလုပ်၍ Mask နှင့် Hand Gel များ
ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.
.အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အကြမ်းဖက်ခံနေရခြင်းနှင့်
ပတ်သက်၍ ယင်းကဲ့သို့ Campign ပြုလုပ်ရခြင်းဖြစ်သည်ဟု သိရသည်။
.
“ဒီ Campaign က
တောင်ကြီးမှာရှိတဲ့ အမျိုးသမီး အဖွဲ့တွေ အကုန်ပါတာပေါ့။ ဒီနိုင်ငံမှာက
အမျိုးသမီးတွေက အမျိုးသား တွေထက် လူဦးရေ ပိုများတယ်။ ဒါပေမဲ့ တကယ်အရေးကြီးတဲ့
နိုင်ငံရေး အခန်းကဏ္ဍတွေမှာကျတော့ အမျိုးသမီးပါဝင်မှုနှုန်းက အရမ်းနည်းတယ်။
ပါဝင်နေတဲ့ အမျိုးသမီးတွေ ကျပြန်တော့လည်း သူတို့ကို ထိုးနှက်တယ်၊ အကြမ်းဖက်ကြတယ်။
အဲဒီလို အမျိုးသမီးတွေကို ကျွန်မ တစ်ခုပြောချင်ပါတယ်။ ကျွန်မတို့သည် သူတို့နဲ့
အတူတူ ရှိနေပါတယ်။ စိတ်မပျက်ဘဲနဲ့ ရှေ့တိုးကြပါလို့ ပြောချင်ပါတယ်ဟု” ယင်း Campaign
အားဦးဆောင်သူ မမီးငယ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၂၀၂၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည့်
အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက်သည် ယခင် ၂၀၁၅ ထက် ပိုများလာခြင်းအပေါ်
ကြိုဆိုကြောင်းနှင့် ဤကဲသို့ အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပါဝင်လာခြင်းသည်
နိုင်ငံ ရှေ့ဆက်တိုးရန် လမ်းစဖြစ်၍ ၎င်းတို့ကို ယုံကြည်မှုနှင့်အတူ
ရှေ့ဆက်ရပ်တည်ပေးစေလိုကြောင်း မမီးငယ်က ဆက်လက်ပြောဆိုခဲ့သည်။
.
“ကျွန်မကတော့ အဖွဲ့အစည်းအနေနဲ့ မဟုတ်ဘဲ Individual
အနေနဲ့ လာပြီး ပါဝင်တာပါ။ အမျိုးသမီး ကိုယ်စားလှယ် လောင်းတွေအပေါ်
တိုက်ခိုက်နေတဲ့ အမုန်းစကားတွေ ရပ်တန့်စေဖို့နဲ့ တိုက်ခိုက်ခံနေရတဲ့အမျိုး
သမီးတွေဘက်က ရပ်တည်တဲ့အနေနဲ့ ပါဝင်တာပါ” ဟု Campign တွင် ပါဝင်သူတစ်ဦးဖြစ်သူ
နှင်းနွေအေးကလည်း ပြောဆိုခဲ့သည်။
.
နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌
ရှမ်းပြည်နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း
၂၀၅ ဦး ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၉ ဒသမ ၇၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
.
ယင်းအမျိုးသမီး ကိုယ်စားလှယ်လောင်းများမှာ
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၆၅ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ၂၀ ဦး၊
ပြည်နယ်လွတ်တော် မဲဆန္ဒနယ်တွင် ၁၁၂ ဦး တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ် စားလှယ်လောင်းနေရာတွင်
၈ ဦး တို့ဖြစ်ကြောင်း သိရသည်။
.