ကိုစိုး (ကမ္ဘောဇတိုင်း)
.
ကျိုင်းတုံမြို့၊ နောင်တုံကန်ပတ်လမ်း
အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် ရေနုတ်မြောင်းပြုပြင်ရန်အတွက်
ပတ်ဝန်းကျင်နေအိမ်များအား တစ်ပေလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် အတင်းအကြပ် ကောက်ခံလျက်ရှိသည်ဟု
ဒေသခံများထံက သိရသည်။
.
.“တစ်ပေ ၂၀၀၀၀ ကျပ် ကောက်ခံပါတယ်။
အတင်းအကြပ်ကောက်တဲ့ ပုံစံပါပဲ။ မထည့်နိုင်တဲ့သူ ရွာပြင်ထွက်နေ ဆိုတဲ့ သဘောနဲ့
လာတာပါ။ ကိုယ့်ဘာသာကိုယ်လုပ်ရင် အဲဒီလောက် မကျနိုင်ဘူး။ ပြီးတော့ သူတို့လုပ်တာက
အပေါ် အဖုံး လည်း မပါဘူး။ ပတ်ဝန်းကျင်က ၉၀ ရာခိုင်နှုန်းလောက် သဘောတူတယ်လို့
ကော်မတီက ပြောပေမဲ့ တချို့ဆိုရင် ပိုက်ဆံလာကောက်မှ သိရတာပါ။ COVID-19 ကာလ ဒီလောက် ကြပ်တည်းနေတဲ့ အချိန်မှာ အိမ်တစ်အိမ်ကို ၁၀ သိန်း ကျော်ဆိုတာကတော့
ပြည်သူက စားဖို့တောင် အနိုင်နိုင် ဖြစ်နေတာပါ။ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေကို
ပြန် ကြည့်ပေးဖို့ တောင်းဆိုလိုပါတယ်” ဟု ကျိုင်းတုံမြို့နေ ဒေသခံတစ်ဦးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စည်ပင်သာယာရေးဌာနမှ ယင်းကဲ့သို့ တစ်ပေ ၂၀၀၀၀ ကျပ်ဖြင့်
ကောက်ခံ၍ ရေနုတ်မြောင်း ပြုလုပ်ပေးမည်ဖြစ် သော်လည်း ရေမြောင်းဖုံး ပါဝင်မည်မဟုတ်ဘဲ
ရေမြောင်းဖုံးကို မိမိအစီအစဉ်ဖြင့် ပြုလုပ်ရမည်ဖြစ်သဖြင့် ငွေကြေး ထပ်မံကုန်ကျရန် ရှိနေကြောင်း
၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
နောင်တုံကန်ပတ်လမ်း အဆင့်မြှင့်တင်ရေးအတွက်
အစိုးရမှ ဘဏ္ဍာရန်ပုံငွေ ကျပ်သိန်း ၁၉၀၀ ချထားပေးခဲ့ပြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ဘိလပ်မြေနှင့် သံချောင်း လှူဒါန်းထားကာ
ရေနုတ်မြောင်း ဆောင်ရွက်ရန် အတွက် တစ်ပေလျှင် ငွေကျပ် ၆၀၀၀၀ ကုန်ကျမည်ဖြစ်သည့်အတွက်
တင်ဒါအောင် နောင်တုံကုမ္ပဏီမှ ငွေကျပ် ၄၀၀၀၀ လှူဒါန်းကာ ကျပ် ၂၀၀၀၀ ကျပ်ကို
အိမ်ရှင်များထံက ကောက်ခံခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ
အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်အား ဆက်သွယ်မေးမြန်းရာတွင် “မြို့မိမြို့ဖတွေ၊ အထူးသဖြင့်
ကန်ပတ်လည်မှာရှိတဲ့ ပတ်ဝန်းကျင်အိမ်တွေကို တစ်အိမ် တက်ဆင်း ဆွေးနွေးခဲ့ပြီးပါပြီ။ ဒါပေမဲ့
အဲဒီတုန်းကတော့ နှုန်းထားတွေ မပြောခဲ့ဘူး။ မြောင်းစလုပ်တဲ့အချိန်မှာ တစ်ပေ ကို
၆၀၀၀၀ လောက် ကျတဲ့အတွက် ၂၀၀၀၀ ပဲ ကောက်ပြီး ကျန်တာကို ကမ္ပဏီက လှူတာပါ။ အခုက လုပ်ငန်း
ပြီးစီး သွားပြီဖြစ်တဲ့အတွက် ကော်မတီကနေ အိမ်ရှင်တွေကို ကောက်တာပါ။ တော်တော်များများလည်း
ရပြီးပါပြီ။ တချို့ အခက်အခဲဖြစ်တဲ့အိမ်တွေကို အခုချက်ခြင်း ထည့်ရမယ်လို့ မဆိုလိုပါဘူး။
အဆင်ပြေတဲ့အချိန်မှာ အဆင်ပြေသလို ထည့်ဖို့ မှာထားပြီးသားပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ထို့အတူ ကျိုင်းတုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ
ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုး ကလည်း “ရေမြောင်းက နက်ပါတယ်။ တချို့နေရာတွေမှာ
၆ ပေ ကနေ ၁၂ ပေ လောက်အထိ ရှိတယ်။ အမှန်တကယ်က ၁ ပေကို ၆ သောင်းခွဲလောက် ကျတယ်။ ရေစီးရေလာကောင်းအောင်
ရေမြောင်းတွေကိုနက်ထားတာပါ။ ဒါကို မလုပ်ခင် ကတည်းက ပတ်ဝန်းကျင် အိမ်တွေကို အစည်းအဝေးခေါ်ပြီး
သဘောတူညီမှုနဲ့ လုပ်တာပါ။ သူတို့အတွက် လုပ်ပေး တာပါ” ဟု ပြောဆိုခဲ့သည်။
.
နောင်တုံကန်၏ ရေပြင်ဧရိယာ အကျယ်မှာ ၃၅ ဒသမ ၃၇၉ ဧက
ကျယ်ဝန်းပြီး ကန်ပတ်လမ်းအရှည် ၆၃၂၄ ပေ ရှည်လျားကာ ယင်းလမ်း ကို ၂၄ ပေ အကျယ်၊ ထု ၆
လက်မရှိ ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။
.