ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဒေသများမှာ လက်ရှိအာဏာရပါတီ နိုင်ချေမရှိသည့် နေရာများဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, November 2, 2020

ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဒေသများမှာ လက်ရှိအာဏာရပါတီ နိုင်ချေမရှိသည့် နေရာများဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ပြောကြား

ဆိုင်းနှောင်

.

ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ဒေသများမှာ လက်ရှိ အာဏာရပါတီ နိုင်ချေမရှိသည့် နေရာများဖြစ်ကြောင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်တွင်လည်း သံသယဖြစ်မိကြောင်း ကယန်းအမျိုးသားပါတီမှ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးဒီးဒီက ပြောဆို ခဲ့သည်။

.

.

“ဒီကိစ္စက ရှင်းပါတယ်။ သူတို့ နိုင်ချေ မရှိတဲ့နေရာတွေ အကုန် Block လုပ်လိုက်တာပဲ။ တချို့ဒေသတွေမှာ လုပ်လို့ရတဲ့ အနေအထားတွေ အများကြီးရှိတယ်။ နောက်တစ်ချက်က COVID-19 ကာလမို့လို့ တိုင်းရင်းသား ပါတီတွေ အင်အားပြဖို့ ကြိုးစားနေတဲ့အချိန်မှာ မလုပ်ဖို့ UEC က ထုတ်ပြန်တယ်။ ဒါပေမဲ့ အောက်ပြည်မှာ အခုထိ လုပ်နေကြတုန်းပဲ။ ဒါတွေလည်း UEC က ထိရောက်သော အရေးယူမှု မရှိဘူး။ ဒါတွေက သံသယ ဖြစ်စရာပါ” ဟု ဦးဒီးဒီက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ကယန်းအမျိုးသားပါတီ အနေဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိပါက လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားရန် မရှိသော်လည်း ယင်းနေရာ၌ပင် ကယန်းလူမျိုးတို့၏ ဝိသေသလက္ခဏာတစ်ခုခု ဖန်တီးသွားရန် ရှိနေကြောင်း ၎င်းက ထံက သိရသည်။

.

“လုပ်ထားပြီးသား အရာတစ်ခုအပေါ်မှာ ဖျက်လိုဖျက်ဆီး လုပ်ဖို့တော့ မရှိပါဘူး။ ရှိနှင့်ပြီးသား အရာတစ်ခု အပေါ်မှာ ကျွန်တော်တို့ ကယန်းအမျိုးသားရဲ့ ဝိသေသလက္ခဏာကို ဘယ်လိုပြန်ပြီး ပုံဖော်မလဲပဲ စဉ်းစား ထားပါတယ်။ အရင်အစိုးရ လုပ်ခဲ့တဲ့ ကြေးရုပ်ကိုတော့ မဖျက်ဘူးပေါ့။ ရှိတဲ့ ကြေးရုပ်ကို ဒီအတိုင်းထားပြီးမှ ကျွန်တော်တို့ ကယန်းအမျိုးသား ဝိဒေသလက္ခဏာကို မြှင့်တင်ပြီးတော့ ဒေသခံတွေ လက်ခံလာအောင် ဘယ်လို လုပ်ရမလဲ စဉ်းစားထားပါတယ်”ဟု ၎င်းက ပြောသည်။

.

ကယန်းအမျိုးသားပါတီ၏ မဲဆွယ်စည်းရုံးရေး စစ်တမ်းအရ မိမိတို့ပါတီကို အမျိုးသမီးနှင့် ကလေးငယ်များပါ ထောက်ခံကြပြီး ဒေသတွင်း ပြိုင်ဘက်ပါတီ အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်ခုသာ ရှိသည့် အတွက် ရွေးကောက်ပွဲ အနိုင်ရမည်ဟု မျှော်မှန်းထားကြောင်း ၎င်းထံက သိရသည်။

.

ကယန်းအမျိုးသားပါတီသည် ရှမ်းပြည်နယ်အတွင်း ဖယ်ခုံမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာနှင့် ကယန်း တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ် ၁ နေရာ၊ စုစုပေါင်း ၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About