ကျောက်မဲမြို့နယ်နေ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သေနတ်ဖြင့် ပစ်သတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 21, 2020

ကျောက်မဲမြို့နယ်နေ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သေနတ်ဖြင့် ပစ်သတ်ခံရ


မင်းဇော်မင်း

.

ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တိန်ကျေးရွာနေ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ယနေ့ နိုဝင်ဘာလ ၂၁ ရက်၊ ညနေ ပိုင်းက ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

.

 


.

ဦးထိုက်ဇော်သည် ညနေ ၆ နာရီခွဲခန့်က ပင်တိန်ကျေးရွာရှိ ၎င်း၏နေအိမ်တွင် ရှိနေစဉ် သေနတ်သမားများက လက်နက် ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

သေနတ်ဖြင့် ပစ်ခတ်ခံရသူ ဦးထိုက်ဇော်အား ကျောက်မဲပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး‌နောက် ည ၇ နာရီ အချိန်တွင် ဆေးရုံ၌ သေဆုံးသွားသဖြင့် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း ယာဉ်ဖြင့် ရုပ်အလောင်းအား နေအိမ်သို့ ပြန်လည်သယ်ဆောင်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

“သေနတ် ၂ ချက် မှန်တယ်လို့ သိရတယ်။ ဘာမှတော့ သေချာမသိရသေးပါဘူး” ဟု ကျောက်မဲမြို့နယ် ဇီဝိတ လူမှုကူညီရေးအသင်းမှ ဦးတင်မောင်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရှမ်းပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်စိန် ကလည်း “သေနတ်ပစ်ခံရတာ ဟုတ်ပါတယ်။ ပစ်ခံရပြီး ဆေးရုံခေါ်သွားတယ်။ ဆေးရုံရောက်တော့ ဆုံးတာပါ” ဟု ပြောဆိုခဲ့သည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ ရဲအရာရှိက “အခုလက်ရှိတော့ ဘာမှ မသိသေးပါဘူး။ အခု နောင်ပိန်စခန်းကို သွားစစ်နေတုန်းပဲ ရှိပါသေးတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

.

သေဆုံးသူ ဦးထိုက်ဇော်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်က ပြုလုပ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုအဖြစ် အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိထားသူ ဖြစ်သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About